အဖွဲ့အစည်း ၂၉ ဖွဲ့

September 26, 2020

အဖွဲ့အစည်း ၂၉ ဖွဲ့ကို ကိုဗစ်ကာကွယ်ရေးပစ္စည်း သိန်း ၄၀၀၀ ကျော်ဖိုး ထောက်ပံ့ထားဟု တပ်မတော်ပြော

တပ်မတော်အနေနဲ့ ကိုဗစ်ကာလအတွင်း တိုင်းရင်းသားအဖွဲ့အစည်း စုစုပေါင်း ၂၉ ဖွဲ့အတွက် ကျပ်သိန်းလေးထောင်ကျော်ဖိုး လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့သလို NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “EAOs အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့နယ်မြေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းထောက်ပံ့မှုကို မေလကစပြီး ယခုတိုင်ဆောင်ရွက်ခဲ့ရာမှာ အဖွဲ့ပေါင်း ၂၉ ဖွဲ့အတွက် ငွေကျပ် လေးထောင့်သုံးရာငါးဆယ့်တစ်သိန်းကျော် ဆောင်ရွက်ခဲ့ပါတယ် ” လို့ ပြောပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ကွာရန်တင်းစင်တာတွေကို အခုနှစ်မတ်လအတွင်းထဲက နိုင်ငံအတွင်း နေရာ ၁၆ နေရာ မှာ ဖွင့်လှစ်ထားရှိပြီး အရပ်သားလက်ခံစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့အထိ အရပ်သားစုစုပေါင်း ၆ ထောင်ကျော်ကို လက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။ “၂၅ ရက်၊ ၉ လ၊ ၂၀၂၀ ရက်နေ့အထိ အရပ်သား ခြောက်ထောင့်ငါးရာတစ်ဆယ့်ခုနှစ်ဦးကို ကျနော်တို့ လက်ခံပြီးဖြစ်ပါတယ်။ စားသောက်နေထိုင်ရေးကို တပ်မတော်က ကျပ်သိန်း နှစ်ထောင့်ခြောက်ရာကျော်အကုန်အကျခံပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီကုန်ကျငွေတွေကို အရာရှိကြီးအဆင့်တွေရဲ့ နှစ်လစာ လှူဒါန်းမှုတွေ၊ အခြားအဆင့် စစ်သည်တွေရဲ့ တစ်ရက်စာ လှူဒါန်းမှုတွေနဲ့ အရပ်ဘက်အလှူရှင်တွေရဲ့လှူဒါန်းငွေတွေ၊မြန်မာ့ စီးပွားရေးဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့က အမြတ်ငွေတွေကနေ သုံးစွဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။  ကိုဗစ်-၁၉ ရောဂါရှာဖွေရေးနဲ့ပတ်သက်ပြီး မေလ ၂၆ ရက်က စတင်ကာ ရန်ကုန်နဲ့ နေပြည်တော်ရှိ တပ်မတော်ဆေးရုံတွေမှာ အရပ်သား ၁၉,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့လူနာ ၂၅၃ ဦး တွေ့ရှိခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)၊ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး
8 months Ago
Up