အဖိုးတန်နာရီများကိစ္စ လာဘ်စားမှုနှင့်ငြိစွန်းက

January 17, 2018

အဖိုးတန်နာရီများကိစ္စ လာဘ်စားမှုနှင့်ငြိစွန်းက အလုပ်ထွက်မည်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်းဆုဝမ်းဟာ အဖိုးတန်နာရီအမျိုးမျိုးကို ထည်လဲပတ်ထားတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရဝစ်က အဲဒီနာရီတွေဟာ သူ့မိတ်ဆွေတွေရဲ့ နာရီသာဖြစ်ပြီး သူတို့က ဆင်ပေးလို့ ပတ်ထားတာဖြစ်ကြောင်း၊ အရင်ကလည်း ပြောခဲ့ဖူးပြီး မနေ့ကလည်း သတင်းထောက်တွေကို ထပ်လောင်းဖြေကြားကာ တကယ်လို့  လာဘ်စားမှုဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် အလုပ်က ထွက်မယ်လို့ ပြောခဲ့ပါတယ်။ CSILA ဖေ့စ်ဘွတ်ခ်က စွပ်စွဲထားတဲ့ နာရီ ၂၄ လုံးမှာ မိတ်ဆွေများရဲ့ နာရီသာဖြစ်ပြီး ပတ်ပြီးတာနဲ့ ပိုင်ရှင်ကို ပြန်ပေးလိုက်ကြောင်း၊ သူ့အနေနဲ့ နာရီ စုဆောင်းထားတာ မရှိသလို  နာရီရောင်းဝယ်ရေး အစုရှယ်ယာလုပ်ငန်းမှာလည်း ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဓာတ်ကျတာ၊ အားငယ်တာတွေလည်း မဖြစ်ဘူးလို့ သူက ဆက်ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ ခုလို ဝတ်စားဆင်ယင်မှုဟာ ထိုင်းအစိုးရအဖွဲ့ရဲ့ ပုံရိပ်၊ ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး သူ့ကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေအပေါ်မှာလည်း ဗိုလ်ချုပ်ကြီး ပရဝစ်က အဲဒီစကားလုံးတွေဟာ  လူတဦးချင်းစီရဲ့ ပြောဆိုထင်မြင်ချက်တွေသာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ထိုင်းအမျိုးသားလာဘ်စားမှု ကာကွယ်တိုက်ဖျက်ရေးကော်မတီထံ တင်ပြခဲ့ပြီးဖြစ်သလို ကော်မတီရဲ့ လုပ်ငန်းပေါ်မှာ ဝင်ရောက်စွက်ဖက်ဖို့လည်း သူ့မှာ အာဏာမရှိကြောင်း၊ ကော်မတီက သူ့လုပ်ရပ်ဟာ မှားယွင်းနေတယ်၊ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် အလုပ်က ထွက်မယ်လို့ ပြောသွားပါတယ်။ ရာဇဝတ်မှုတွေ ထုတ်ဖော်ရေးသားနေတဲ့ CSILA ဖေ့စ်ဘွတ်ခ်မှာတော့ ဗိုလ်ချုပ်ကြီး ပရဝစ်ဟာ Rolex နာရီ ၁၁ လုံး၊ Patek Philippe နာရီ ၈ လုံး၊ Richard Mille နာရီ ၃ လုံး၊ Audemars Pigue ၂ လုံး၊ A. Lange & Sohne ၁ လုံး ထည်လဲဝတ်ဆင်ခဲ့ပြီး အဲဒီနာရီတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၃၉ သန်းခွဲနဲ့ ညီမျှတယ်လို့ ဖော်ပြထားပါတယ်။
3 years Ago
Up