အဖမ်းခံတော့မည်

May 26, 2018

လိင်ပိုင်းမဖွယ်မရာပြုမှု စွပ်စွဲချက်ဖြင့် ဟာဗေးဝိန်းစတိန်း အဖမ်းခံတော့မည်ဟုဆို

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိန်းစတိန်းဟာ လိင်ပိုင်းပိုင်ရာ မဖွယ်မရာပြုမှု စွပ်စွဲချက်တွေအတွက် ရဲတပ်ဖွဲ့ထံ အဖမ်းခံတော့မယ်လို့ ယူဆရကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက မေလ ၂၅ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ တရားဥပဒေစိုးမိုးရေး အရာရှိ ၂ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဖော်ပြလိုက်တာပါ။ ဝိန်းစတိန်းရဲ့ ရှေ့နေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဝိန်းစတိန်းဟာ လိင်ပိုင်းဆိုင်ရာ မတော်တရော်လုပ်ခဲ့တယ်ဆိုပြီး ဟေလိဝုဒ်လောကရှိ အမျိုးသမီး ၇၀ ကျော်က စွပ်စွဲထားပေမယ့် ဝိန်းစတိန်းကတော့ ငြင်းဆိုထားပါတယ်။ ဒီစွပ်စွဲချက်တွေကြောင့် စီးပွားရေး၊ အစိုးရနဲ့ ဖျော်ဖြေရေးကဏ္ဍက သြဇာရှိအမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ခဲ့တယ်ဆိုပြီး ရာနဲ့ချီတဲ့ အမျိုးသမီးတွေက အင်တာနက်ပေါ်မှာ လူသိရှင်ကြားဖွင်ေ့ပြာတဲ့ #Metoo လှုပ်ရှားမှု ထွက်ပေါ်နေပါတယ်။ ဟာဗေးဝိန်းစတိန်း တာဝန်ရှိသူတွေထံ လာရောက်အစစ်ခံမယ့် သတင်းကို ဟောလိဝုဒ်အမျိုးသမီးတွေက ကြိုဆိုလိုက်ပါတယ်။ အီတလီရုပ်ရှင်မင်းသမီး အာရှာအာဂျန်တိုကလည်း ဟာဗေးဝိန်းစတိန်းက သူ့ကို ၁၉၉၇ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲထားကြသူတွေဖြစ်တဲ့ အိန်ဂျလီနာဂျိုလီ စတဲ့ နာမည်ကြီး အမျိုးသမီးတွေကတော့ ဝိန်းစတိန်း အစစ်ခံမယ့်ကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။ တချိန်က နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဝိန်းစတိန်းဟာ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ၁ လခန့် စုံစမ်းစစ်ဆေးခဲ့အပြီး ရဲတပ်ဖွဲ့ထံ လာရောက်အစစ်ခံဖို့ သဘောတူခဲ့တာပါ။ ဟာဗေးကတော့ အလိုမတူဘဲ လိင်ဆက်ဆံမှုမရှိဘူးလို့ ငြင်းဆိုထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up