အပြန်အလှန် တိုက်ခိုက်

November 2, 2019

ဆန်တီယေဂိုတွင် ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်

ချီလီနိုင်ငံ မြို့တော်ဆန်တီယေဂိုမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ  နိုဝင်ဘာ ၁ ရက်က ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ သံချပ်ကာယာဉ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရေအမြောက်သုံးပြီး ဖြိုခွင်းသလို ဆန္ဒပြသူတွေကလည်း ယာဉ်တွေကို ခဲတွေနဲ့ ပြန်ပစ်ကြပါတယ်။ ချီလီနိုင်ငံအတွင်း မညီမျှမှုတွေကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး သီတင်းတပတ်ကျော်ကြာ ဆက်ဖြစ်နေပါတယ်။ အခုလိုဆန္ဒပြပွဲအတွင်း အဓိကရုဏ်းတွေ၊ မီးရှို့တာတွေရှိခဲ့ပြီး ၁၈ ယောက်ထက်မနည်း သေဆုံးကာ ၇၀၀၀ ကျော် အဖမ်းခံရပါတယ်။ ဒီလိုဆန္ဒပြပွဲတွေကြောင့် ချီလီစီးပွားရေးဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ဆုံးရှုံးနစ်နာခဲ့တဲ့အပြင် မြေအောက်ရထားလုပ်ငန်းမှာလည်း အမေရိကန် ဒေါ်လာ သန်း ၄၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြေအောက်ရထားစီးနင်းခ မြင့်တက်ရာကနေ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲတွေကြောင့် သမ္မတ စဘတ်တီယန် ပင်ညဲရာက အစိုးရအဖွဲ့တခုလုံးကို ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံအတွင်း လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲတာတွေ လုပ်မယ်လို့ သမ္မတ  ပင်ညဲရာ ကတိပြုခဲ့ပေမယ့် ဆန္ဒပြပွဲတွေဟာ ပြီးဆုံးမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။
2 years Ago
Up