အပြန်အလှန်ပစ်

September 14, 2020

ကိုလံဘီယာတွင် ရဲနှင့်ဆန္ဒပြသူများ  ကျောက်ခဲ၊မျက်ရည်ယိုဓာတ်ငွေများဖြင့် အပြန်အလှန်ပစ်

ရဲတွေရဲ့ရက်စက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေနဲ့ အရာရှိတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ကိုလံဘီယာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာ ၁၃ ရက်က အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။  ဘိုကိုတာမြို့တော်ရဲ့ မြို့လယ်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက အရာရှိတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့အပြီး ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။  ကျန်ခဲ့တဲ့သီတင်းပတ်က ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး လူရာချီ ဒဏ်ရာရခဲ့ကြတာပါ။  စက်တင်ဘာ ၁၃ ရက်မှာ ဘိုကိုတာမြို့တော်ဝန်က ခွင့်လွှတ်ဖို့ တောင်းပန်ရင်း ပြန်လည် ရင်ကြားစေ့ဖို့ ဆော်သြခဲ့ပါတယ်။  စက်တင်ဘာ ၉ ရက်က အသက် ၄၆ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးအပြီး မြို့တော် ဘိုကိုတာနဲ့ ညီအမမြို့ဖြစ်တဲ့ ဆိုအာချာတို့မှာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တာပါ။  ကလေး ၂ ယောက်အဖေကို ရဲက ဓာတ်လိုက်စေတဲ့ စတန်းဂန်း အမျိုးအစားလက်နက်နဲ့ ထပ်ခါတလဲ ရှော့တိုက်ခဲ့ပုံ ရုပ်သံကိုလည်း လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့ကြ ပါတယ်။ အဲဒီအမျိုးသားဟာ ဆေးရုံပေါ်မှာ သေဆုံးခဲ့တာပါ။ ဆိုအာချာမြို့မှာလည်း ဆန္ဒပြပွဲအတွင်း လူ ၃ ယောက် သေဆုံးပါတယ်။ ထိခိုက်သေဆုံးသူ တွေရဲ့  မိသားစုတွေကို မြို့တော်ဝန်က တောင်းပန်ခဲ့ပါတယ်။ 
1 year Ago

September 10, 2020

မက္ကဆီကိုတွင် ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်၊ ၂ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ကို ရေလွှဲပေးမယ့် ဆည်တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ မက္ကဆီကို တပ်ထိန်းရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ လူ ၂ ယောက် သေဆုံးတယ်လို့ နိုင်ငံတော်အစောင့်တပ်က စက်တင်ဘာ ၉ရက်မှာ ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း၊ နယ်စပ်ပြည်နယ် ချီဟွာဟွာက မက္ကဆီကန်လူမျိုးတွေဟာ လုံခြုံရေးတပ်ကို ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးမှာ လာဘိုကွေလာဆည်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရေလွှဲပေါက်တွေကို ပိတ်ပစ်ခဲ့ကြပါတယ်။  ၁၉၄၄ အပြန်အလှန်သဘောတူညီချက်အရ ရေကို အိမ်နီးချင်း အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံ ခွဲဝေသုံးစွဲဖို့ စည်းမျဉ်းထုတ်ထားတာပါ။  မက္ကဆီကိုမှာ အမေရိကန်ဆီကို လွှဲပေးရမယ့် ရေအကြွေး ပုံနေပြီး ရေတွေထပ်လွှဲဖို့ စီစဉ်နေချိန်မှာ ခုလိုဖြစ်တာဟာ ဝမ်းနည်းစရာပဲလို့ မက်ဆီကို သမ္မတက ပြောပါတယ်။  နိုင်ငံတော်အစောင့်တပ်က ဆည်မှာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင်တချို့ဟာလည်း စက်တင်ဘာ ၈ ရက်ညက လူ ၃ ယောက်ကို မျက်ရည်ယိုဓာတ်ငွေ့တွေ၊ စက်သေနတ် တလက်တို့နဲ့ တွေ့ရှိ ဖမ်းဆီးခဲ့ပြီး ဒေလီစီးယပ်စ်မြို့ဆီ ခေါ်သွားပြီလို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။  တပ်ကို ပစ်ခတ်ခံရလို့ တုံ့ပြန်ရာက လူ ၁ ယောက် နေရာမှာတင် သေဆုံးပြီး နောက် ၁ ယောက်က ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။  ရေရဖို့ အခွင့်အရေးအတွက် မဲရှင်တွေနဲ့ မက္ကဆီကို လယ်သမားတွေရဲ့ စိုးရိမ်ချက်ကို သက်သာအောင် လုပ်ဖို့ သမ္မတက နည်းလမ်းရှာနေတာပါ။ တဖက်ကလည်း အမေရိကန်နဲ့ သိမ်မွေ့တဲ့ဆက်ဆံရေးကို ကာကွယ်နေရပါတယ်။ တကယ်လို့ အမေရိကန်ဆီ ရေလွှဲမပေးရင် မက်ဆီကိုဟာ ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်ပါတယ်။
1 year Ago
Up