အပြစ်မဲ့ပြည်သူ

May 23, 2022

မြောင်မြို့တွင် အပြစ်မဲ့ပြည်သူ ၁ ဦး မတရားဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မြောင်မြို့မှာ  မေ ၂၂ ရက် မွန်းလွဲပိုင်းက အပြစ်မဲ့ လူငယ်တယောက်ကို PDF နဲ့ ဆက်စပ်တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့တွေက မတရားဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့ မြောက်ရပ်ကွက်မှာ  မေ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေဘုံသာကျေးရွာက ကိုစိုင်းညီညီရဲ့ လက်ကိုင်ဖုန်းကို သိမ်းပြီး PDF နဲ့ဆက်စပ်တယ်စွပ်စွဲကာ မတရားဖမ်းဆီးသွားကြတာလို့ ရွှေဘုံသာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“သူက ရွာမှာပဲ ရိုးရိုးသားသားတောင်သူ လုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်တယောက်ပါ။ ရွာဘက် တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေကြတယ်။ စားနပ်ရိက္ခာတွေ ပြတ်လပ်လို့ မြို့ပေါ်ကို စျေးသွားဝယ်တဲ့အချိန်မှာ စစ်(...)တွေက မတရားဖမ်းဆီးသွားကြတာ။”

ကိုစိုင်းညီညီအား မြောင်မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေကိုလည်း လုံးဝတွေခွင့် မပြုသေးသလို အစားအသောက်၊ အဝတ်အထည်နဲ့စောင်တွေလည်း ပို့ခွင့်မ ရဘူးလို့ ဆိုပါတယ်။

မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ အပြစ်မဲ့ပြည်သူတွေကို PDF အဖွဲ့ဝင်၊ PDF နဲ့ ဆက်စပ်သူ၊ PDF တွေကို ထောက်ပံ့သူ၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ မမှန်သတင်း ရေးသားဖြစ်ဝေသူလို့ နည်းအမျိုးမျိုး နဲ့  စွပ်စွဲပြီး မတရားဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 months Ago

May 21, 2022

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူအချို့ကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး အပြစ်မဲ့ပြည်သူတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၉ ရက်နေ့က ဇိန့်ဇွန်းရွာကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူးမြစ်တစ်ဖက်ကမ်းရှိ ခင်ဦးနယ် တာတိုင်ကျေးရွာက ဒေသခံ ၅ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ခဲ့တယ်လို့  ဆိုပါတယ်။

သေဆုံးခဲ့သူ ၅ ဦးမှာ တာတိုင်ကျေးရွာက ၁ ဦး နဲ့ ပေါက်သာကျေးရွာက‌‌နေ လာရောက်တိမ်းရှောင်နေတဲ့ ဒေသခံ ၄ ဦး စုစုပေါင်း ၅ ဦး ဖြစ်တယ်လို့ ခင်ဦးဒေသကာကွယ်ရေးတပ်ဖွဲ့ (KSO) က ထုတ်ပြန်ထားပါတယ်။

အလားတူ  မေ ၂၀ ရက် မနက်ပိုင်းမှာလည်း အင်အား ၇၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးနယ် ကြို့ကန်ရွာ တရွာလုံးနီးပါး မွှေနှောက်ခဲ့ပြီး ဒေသခံတဦးကို ပစ်သတ်ထားခဲ့သလို ညနေပိုင်းမှာလည်း ခင်ဦးနယ် အင်တိုင်းလေးကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ၃ ဦး အထိ ပစ်သတ်ခဲ့တယ်လို့ KSO အဖွဲ့က ထုတ်ပြန်ထားပါတယ်။

6 months Ago
More News
Up