ကျန်းမာရေးကောင်းပြီး ကြံ့ခိုက်မှုပြည့်ဝနေကြောင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပြောကြားလိုက်ပြီး ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုရလဒ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ချိန်မှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ဘောလုံးပရိသတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အားပြိုင်မှုကို မြင်တွေ့ရဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် သူတို့ ၂ ဦးအားပြိုင်မှုကို မြင်တွေ့ရဖို့ ဒီဇင်ဘာလအထိ ထပ်မံစောင့် ဆိုင်းရတော့ပါမယ်။
ရော်နယ်ဒိုဟာ အောက်တိုဘာ ၁၃ ရက် နိုင်ငံအသင်းနဲ့အတူရှိနေစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် ပေါ်တူဂီအသင်းလူစာရင်းကနေ နုတ်ထွက်ကာ သီးသန့်ခွဲခြားနေထိုင်ခဲ့ရပါတယ်။
ကစားသမားက သူ့မှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေကြောင်း ပြောပေမယ့် ဆေးစစ်ချက်တွေအရ ဗိုင်းရပ်စ်ပိုးဆက်ရှိနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။
ဘာကာနဲပွဲမတိုင်ခင် တရက်အလိုမှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုမှာလည်း သူဟာ positive ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
UEFA ရဲ့ စည်းမျဉ်းတွေအရ ရောဂါလက္ခဏာပြသခြင်းမရှိပေမဲ့ ရော်နယ်ဒိုဟာ ပွဲမှာ ပါဝင်ခွင့်ရှိမှာမဟုတ်တာကြောင့် ကစားသမားက ဒီအခြေအနေကို စိတ်ပျက်နေပါတယ်။
သူဟာ ဂျူဗင်တပ်စ်-ဘာစီလိုနာပွဲမတိုင်ခင်မှာ အင်စတာဂရမ်ကို ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး “ကျန်းမာရေး ကောင်းပါတယ်။ နေလို့ထိုင်လို့ အဆင်ပြေနေပါတယ်” လို့ရေးသားခဲ့ပါတယ်။
အဲ့ဒီနောက် မိနစ်အနည်းငယ်အကြာမှာပဲ PCR is bullsh*t လို့ရေးသားဟာ ကော်ရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးတဲ့ နည်းစနစ်ကို အပြင်းအထန် ဖေဖန်ပြောဆိုသွားခဲ့ပါတယ်။ေ
ရော်နယ်ဒိုက သူဟာ ပေါ်တူဂီအသင်းနဲ့အတူရှိနေစဉ်မှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ လက်ရှိအချိန်အထိ ဘယ်ကနေဘယ်လို ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသလိုဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
ရော်နယ်ဒိုမပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ရော်နယ်ဒိုရဲ့ ပေါက်ကွဲမှုမတိုင်ခင် သူ့ရဲ့အစ်မဖြစ်သူ ကာတီးယားအေဗီရိုကလည်း ရော်နယ်ဒို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြေအနေဟာ လုပ်ကြံဖန်တီးမှုတွေ ရှိနိုင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
2 years Ago