အပြင်သွားလာခွင့်

August 22, 2021

ပြင်ဦးလွင်မြို့၌ အပြင်သွားလာခွင့် အချိန်ပြောင်းလဲသတ်မှတ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ကိုဗစ်ကပ်ဘေးကာလ ပြည်သူတွေအပြင်သွားလာခွင့်အချိန်ကို သြဂုတ် ၂၃ ရက်ကစပြီး    မနက် ၄ နာရီ မှ ၁၀ နာရီ အထိနဲ့  ညနေ ၃ နာရီမှ ည ၇ နာရီအထိ  ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေဖို့ အတွက်  အခုလို အချိန်ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး သွားလာရာမှာလည်း  ခွင့်ပြုလက်မှတ်နဲ့သာ သွားလာခွင့်ပြုမယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ကျန်အချိန်တွေအတွက် သွားလာခွင့်ကို နိုင်ငံ့ဝန်ထမ်းတွေ၊ ခွင့်ပြုထားတဲ့  ကုမ္ပဏီဝန်ထမ်းတွေ၊ တာဝန်နဲ့ သွားလာဖို့ ခွင့်ပြုထားသူတွေ၊ ကျန်းမာရေးကိစ္စဆောင်ရွက်နေသူတွေကို စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ် 

စည်းကမ်းဖောက်ဖျက်ပါက ဥပဒေနဲ့အညီ  ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ ဒေသဆိုင်ရာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၂၁ ရက် ညပိုင်းက ထုတ်ပြန်ချက်မှာ ပြင်ဦးလွင်မှာ သြဂုတ် ၂၀ ရက် တစ်ရက်တည်း ကိုဗစ်-၁၉‌ ရောဂါ ကူးစက်ခံရသူ ၇၉ ဦး ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြင်ဦးလွင်မြို့မှာ သြဂုတ် ၂၁ ရက်က ကိုဗစ်၀၁၉ လူနာ  ၅ ဦးနဲ့ ကိုဗစ်သံသယလူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းကနေ သိရပါတယ်။ 

ကိုဗစ်တတိယလှိုင်းကာလ ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ် ပိုးတွေ့သူနဲ့ သေဆုံးသူ မြင့်တက်လာတာကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ Stay at Home  အမိန့်  ထုတ်ပြန်ထားပါတယ်။  

3 months Ago
Up