အပြင်ထွက်ခွင့်ပိတ်ပင်

April 6, 2022

ပခုက္ကူမြို့တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးပါက အပြင်ထွက်ခွင့်မပြု

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၅ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ အပြင်ထွက်ခွင့်မရဘူးဆိုပြီး  ပခုက္ကူမီးသတ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက တအိမ်တက်ဆင်း လိုက်လံ ကာကွယ်ဆေးထိုးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘာလို့ မထိုးမနေရတာလဲ မသိရပေမဲ့ မထိုးရင် အပြင်ထွက်ခွင့်မရပါဘူးတဲ့၊ ဆေးထိုးတဲ့ စာရွက်ပါမှ ရပ်ကွက်ထဲအဝင်ခံ အထွက်ခံမယ် ပြောတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလော ပခုက္ကူမြို့ပေါ်ရပ်ကွက်တချို့မှာ တအိမ်တက်ဆင်း ကိုဗစ်ကာကွယ်ဆေး  မထိုးမနေရ ထိုးခိုင်းနေတာကြောင့်   မထိုးချင်ရင်လည်း   ထိုးရတော့မယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ကိုဗစ်ကာကွယ်ဆေးကို အယုံအကြည်မရှိတာရယ်၊ ငွေကြေးတောင်းခံမှာ စိုးတာရယ်ကြောင့် တချို့တွေက မထိုးချင်ကြသေးဘူး။ ခုကတော့ ထိုးချင်ချင် မထိုးချင်ချင် ထိုးရတော့မှာ။”

ပခုက္ကူမြို့မှာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်ကာကွယ်ဆေးတလုံးကို ကျပ် ၅၀,၀၀၀ ပေးထိုးရပြီး မြို့အဝင်အထွက်မှာ လုံခြုံရေးတွေနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို အတင်းထိုးခိုင်းပြီး ပိုက်ဆံတောင်းခံတာ ရှိခဲ့ပါတယ်။ တတိယကိုဗစ်လှိုင်းမှာတော့ ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးရတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ပခုက္ကူမြို့ထဲမှာ Mask တပ်သူ နည်းပါးသွားပြီး မြို့လယ်နဲ့ လူစည်ကားရာနေရာ တွေမှာတောင် Mask တပ်သူက ၄၀ ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းလည်း လျော့ကျသွားပြီး သေဆုံးသူကလည်း မရှိသလောက် နည်းသွားပြီ ဖြစ်ပါတယ်။

5 months Ago

March 23, 2020

အပြင်ထွက်ခွင့်ပိတ်ပင်ထားသည့် စပိန်ပြည်သူများကို ဂီတဖြင့် စိတ်ဓာတ်မြှင့်တင်ပေး (ရုပ်သံ)

တနိုင်ငံလုံးအဆင့် quarantine ဝင်ဖို့ သတ်မှတ်ထားခြင်းကြောင့် စိတ်ပျက်အားငယ်နေတဲ့ ဘာစီလိုနာမြို့ခံတွေရဲ့ စိတ်ဓာတ်ကို ဆက်ဆိုဖုန်း ဂီတသမား အဲလက်လီဘရွန်က သူ့ရဲ့ ဂီတစွမ်းရည်နဲ့အတူ စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပါတယ်။  ဒီဖြစ်စဉ်ဟာ အစိတ်အပိုင်းအလိုက် ပိတ်ဆို့ထားခြင်းကြောင့် စပိန်နိုင်ငံက လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေတဲ့ မတ် ၁၅ ရက်မှာ ဖြစ်ပွားခဲ့တာပါ။  စပိန်ုနိုင်ငံရဲ့ လူဦးရေ ၄၇ သန်းကို မတ် ၁၄ ရက်ကစလို့ အစိတ်အပိုင်းအလိုက် ပိတ်ဆို့ထားခဲ့ပြီး အလုပ်သွားဖို့၊ အစားအစာ၊ ဆေးဝါး ဒါမှမဟုတ် ဆေးရုံသွားဖို့အတွက်ပဲ အပြင်ထွက်ခွင့်ပြုထားပါတယ်။  “ဒီသတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာမယ်ဆိုရင် စပိန်ပြည်သူတွေဟာ လာမယ့် သုံး လေးရက်အတွင်း ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ခံစားရမှာပါ” လို့ စပိန်ကျန်းမာရေးဌာနရဲ့ တာဝန်ရှိပုဂ္ဂိုလ် ဖာနန်ဒိုဆီမွန်က ပြောပါတယ်။  စပိန်နိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်ရပ်စ်ကြောင် သေဆုံးသူစာရင်း ၁၃၈၁ ဦးအထိ မြင့်တက်လာပြီး ကူးစက်ခံရသူ ၂၅၄၉၆ ဦးရှိနေပြီလို့ သိရပါတယ်။ စပိန်နိုင်ငံဟာ တရုတ်၊ အီတလီနဲ့ အီရန်နိုင်ငံတို့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး စတုတ္ထမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။
2 years Ago
Up