အပြင်ခိုးထွက်သူ

December 27, 2020

မြစ်ကြီးနားတွင် ကွာရန်တင်းစင်တာမှ အပြင်ခိုးထွက်သူ ၄ ဦး အရေးယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပညာရေးကောလိပ် ကွာရန်တင်းစင်တာမှာ ကွာရန်တင်း ဝင်နေရာကနေ အပြင်ခိုးထွက်သူ အမျိုးသား ၄ ယောက်ကို အရေးယူထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက “တရုတ်ပြည်မှာ ထောင်ကျပြီး ပြန်လွတ်လာတဲ့ ဒေသခံ အမျိုးသား ၄ ယောက်က ခိုးပြီးအပြင်ထွက်ပြီး ဆိုင်မှာ အရက်သောက် သောင်းကျန်းနေတဲ့အချိန် ပြန်မိတာပါ” လို့ ပြောပါတယ်။ ဖမ်းမိတဲ့ အမျိုးသား ၄ ယောက်ကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ညက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃ ယောက်ရှိပြီဖြစ်ပြီး လက်ရှိ ဆေးရုံတက်နေသူ ၂၁ ယောက်နဲ့ ကွာရန်တင်းဝင်နေတဲ့သူ ၆၈၁ ယောက်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်း - မီးမီး
10 months Ago
Up