အပျော်စီးသင်္ဘေ

March 31, 2020

COVID-19 လူနာများလိုက်ပါလာသည့် အပျော်စီးသင်္ဘောကို ပနားမားတူးမြောင်း ဖြတ်သန်းခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူတွေ လိုက်ပါလာတဲ့ အပျော်စီးသင်္ဘော  အမ်အက်စ် ဇန်းဒမ်ကို မတ်လ ၃၀ ရက်မှာ ပနားမားတူးမြောင်း ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။    သင်္ဘောပေါ်က ခရီးသည် ၁၃၀ ကျော်ဟာ တုပ်ကွေး ဆန်ဆန် လက္ခဏာတွေ ပြသပြီးနောက်  နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ရကာ ခရီးသည် ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။  ပနားမားတူးမြောင်းဖြတ်ပြီးနောက်မှာတော့ အမ်အက်စ်ဇန်းဒမ်ဟာ အမေရိကန်နိုင်ငံ   ဖလော်ရီဒါပြည်နယ် ဖို့တ်လော်ဒါဒေးလ်ဆီ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။   ပနားမားအစိုးရက  ဘယ်ခရီးသည် ၊ ဘယ်သင်္ဘော အမှုထမ်း တဦးတလေကိုမှ ပနားမား မြေပေါ် ဆင်းခွင့်မပြုဘူးလို့  အလေးပေးပြောခဲ့ပါတယ်။   တောင်အမေရိက အပျော်စီးသင်္ဘော အမ်အက်စ် ဇန်းဒမ်ကို အစောပိုင်းမှာ  ပနားမား အာဏာပိုင်တွေက တူးမြောင်းဖြတ်ခွင့် ငြင်းဆန်ခဲ့ပါတယ်။  အဲဒီနောက်မှတော့  ရောဂါလက္ခဏာမပြတဲ့  ခရီးသည် ၄၀၁ ဦးကို နောက်သင်္ဘော တစီး ပေါ် ပြောင်းခွင့်ပြုတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။   အဲဒီ  အပျော်စီးသင်္ဘော  အမ်အက်စ် ဇန်းဒမ်ပေါ်မှာ ခရီးသည် ၁၂၄၃ ဦးနဲ့ သင်္ဘော အမှုထမ်း ၅၈၆  ဦး လိုက်ပါလာသလို ဆရာဝန်နဲ့ သူနာပြု ၄ ဦးစီ လိုက်ပါလာတယ်လို့လည်း ရိုက်တာ သတင်းမှာဖော်ပြပါတယ်။ 
1 year Ago

March 2, 2020

ကမ္ဘာလှည့်ခရီးသည် ၈၀၀ ကျော်ပါ  အပျော်စီးသင်္ဘော မြန်မာနိုင်ငံ ဝင်ခွင့်ပိတ်

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် သီလဝါဆိပ်ကမ်းကို အခုရက်ပိုင်းအတွင်း ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာလှည့်ခရီးသည် ၈၀၀ ကျော်ပါတဲ့  အပျော်စီးသင်္ဘောကို မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်တိုးလွင်က “ဒီနေ့ မနက်ကမှ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့မှ လူကြီးတွေ အစည်းအဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်တာပါ။ ကျနော်တို့ဆီကိုတော့ စာနဲ့အကြောင်းကြားလာတယ်။ ဖုန်းနဲ့လည်းပြောပါတယ်။ အဓိကကတော့ ကျနော်တို့လည်း ဒီဟာကို အခြေအနေစောင့်ကြည့်တာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဟာကို နဂိုကတည်းက သုံးသပ်ပြီးတော့ ဒါကို မဝင်သင့်ဘူးဆိုတာ အထက်ကို တင်ပြထားတာပေါ့ဗျာ။ အထက်က လူကြီးတွေက လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ကျနော်တို့ ဒီဘက်က ပို့ပေးတယ်။ အဲဒီအခြေအနေအရပ်ရပ်ကို ကြည်ပြီးမှ သူတို့ဆုံးဖြတ် လိုက်တာဆိုတော့လေ။ ” ခရီးသည်နဲ့သင်္ဘောဝန်ထမ်း  ၈၀၀ ကျော် လိုက်ပါလာတဲ့ အဲဒီသင်္ဘောဟာ မတ်လ ၄ ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရှိနေတာပါ။  ဒီလိုနိုင်ငံခြားသားတွေ မဝင်လာနိုင်တော့အတွက် တဖက်က ဆုံးရှုံးမှုတွေ ရှိနိုင်ပေမယ့် အများ ပြည်သူကျန်းမာရေးလုံခြုံရေးအတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း ဦးသက်လွင်တိုးက ပြောပါတယ်။  ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီးမှ မြန်မာနိုင်ငံကို လာရောက်မယ့် လူ ၈၀၀ ပါ အပျော်စီးသင်္ဘောကို ဝင်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာကို အကြံပြုထားတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ ၁ ရက်နေ့က ပြောကြားထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီလကုန်ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်တဲ့နည်းတူ မြန်မာနိုင်ငံအနေနဲ့လည်း ကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှုဟာ အလွန်မြင့်မားတဲ့ အခြေအနေမှာ ရှိနိုင်တယ်လို့  ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာတော့ မတ်လ ၁ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာသစ် ထပ်မံမတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာ၊သံသယလူနာ စုစုပေါင်း ၄၅ ဦးရှိခဲ့ပြီး သူတို့အားလုံးမှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း  သတင်းထုတ်ပြန်ထားပါတယ်။ စင်ကာပူရောက် မြန်မာအမျိုးသမီးတဦးမှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် ကုသနေရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါ တယ်။ မတ် ၂ ရက် ညနေ ၅ နာရီထိ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၉၀၈၃ ဦး၊ သေဆုံးသူ ၃၀၅၇ ဦးနဲ့ ကူးစက်ခံရပြီးမှ နေပြန်ကောင်းလာသူ ၄၅၁၆၃ ဦးရှိပြီလို့ သိရပါတယ်။
1 year Ago
More News
Up