အပျင်းပြေ ပါးစပ်ရာဇဝင်တခု

May 5, 2020

အပျင်းပြေ ပါးစပ်ရာဇဝင်တခု (သုတကဖေး)

ကိုဗစ်ကာလမှာ လူတိုင်းလိုလိုကတော့ တနည်းမဟုတ်တနည်း စိတ်ဖိစီးမှု ရှိကြမှာပါ။ အနိဋ္ဌာရုံတွေကြီးသာ မြင်ရတွေ့ရ၊ ကြားရ၊ ကြုံတွေ့နေရတော့ စိတ်သက်သာရာရကြောင်းလေးတွေကိုပဲ ရေးချင် ပြောချင်လာတယ်။ ပြန်လည်ဖောက်သည်ချချင်လာတာနဲ့ ရေးလိုက်တာပါ။ ဟိုရှေးခေတ်ပဒေသရာဇ်ဘုရင်တွေက စာဆိုပညာရှင်တွေကို ဂုဏ်ပကာသနတခုအနေနဲ့ သူတို့အနားမှာ ထားလေ့ရှိတယ်။ စစ်တိုက်လို့ အနိုင်ရရင် အဲဒီဒေသက လက်မှုပညာရှင်တွေ၊ စာဆိုတွေကိုပါ သိမ်းပိုက်ခေါ်ဆောင်လေ့လည်း ရှိခဲ့တယ်။ မြန်မာဘုရင်တွေမှာလည်း ဒီလိုအကျင့်မျိုး ရှိခဲ့မှာပါ။ အကြောင်းတိုက်ဆိုင်လို့ ကြားဖြတ်အနေနဲ့ ပြောစရာရှိတာလေး တခုရှိတယ်။ ဒဂုံကို အလောင်းမင်းတရားကြီးက သိမ်းယူပြီး ရန်ကုန်လို့ အမည်ပေးလိုက်ကြောင်း အားလုံး သိပြီးသား။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်နဲ့ မြန်မာ ပထမစစ်ဖြစ်တော့ ရန်ကုန်ကိုပါ အင်္ဂလိပ်တို့ သိမ်းထားတယ်။ ဒါပေမဲ့ ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ဟာ ၁၈၂၆ နတ်တော်လဆန်း ၁၀ ရက်နေ့မှာ ရန်ကုန်ဝန်ကြီးကို လွှဲပြောင်းပေးကြရမှာပါ။ မြန်မာတို့က “ရန်ပုံခွင်း”ဆိပ်ကမ်း (ယခု လမ်းမတော်နဲ့ ရွှေတိဂုံဘုရားလမ်းကြားရပ်)ကနေ ပုဆိုးတန်းလမ်း(ပန်းဆိုးတန်းလမ်း)အထိ ချီတက်ပြီး ရန်ကုန်ဆိပ်ကမ်း “ဘောင်တော်တံခါး” အပြင်ဘက်မှာရှိတဲ့ အင်္ဂလိပ်အလံ လွှင့်ထူထားတာကိုချပြီး အင်္ဂလိပ်တို့က အမြောက်သုံးချက် ပစ်ဖောက်လို့ မြန်မာတို့ရဲ့ အလျား ၉ တောင်၊ အနံ ၆ တောင်ရှိတဲ့ မြန်မာဒေါင်းအလံကို လွှင့်ထူလိုက်တော့တယ်။ မြန်မာတို့လက်ထဲ ရန်ကုန်ပြန်ရောက်စ နောက်ရက်မှာ ပုဇွန်တောင်ချောင်းမှာ သူပုန်တပ်စွဲပြီး သန်လျင်ဘက်ကနေ အမြောက်ပစ်ဖောက်ပုန်ကန်မှုစခဲ့တယ်။ ဒလက မောင်ထော်လေး ခေါင်းဆောင်တဲ့ တပ်တွေရယ် သန်လျင်က သမိန်မရူ ခေါင်းဆောင်တဲ့တပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ ခက်ခက်ခဲခဲ ခုခံနေရတော့ ရန်ကုန်မြို့ဝန်က နေပြည်တော်ကို စစ်ကူတောင်းထားရတယ်။ နေပြည်တော်က စစ်ကူတွေရောက်ပြီး တိုက်ခိုက်တော့မှ သန်လျင်က သမိန်မရူနဲ့ မောင်စပ်တို့လည်း မော်လမြိုင် အင်္ဂလိပ်ပိုင်နယ်ထဲ ထွက်ပြေးရသလို စစ်ကဲမော်ထော်လေးလည်း ထွက်ပြေးသွားသတဲ့။ ဒါကြောင့် နောက်တကြိမ် ရန်ကုန်တိုက်ပွဲဟာ သာလွန်မင်းကြီး တိုက်ခဲ့တာလို့ ဆိုရမှာပါ။ ဇာတ်လမ်းက ဒီမှာ စတာပဲ။ သာလွန်မင်းတရာကြီးဟာ ရန်ကုန်ရောက်တော့ ယာယီနန်းတော်ကို “မြနန်းအောင်ချာ” လို့ အမည်ပေးနန်းစံခဲ့တယ်။ နန်းတော်နေရာက အခု ‘ပဲခူးကလပ်’ နောက်ဘက်ဘေးက ဘုန်းကြီးကျောင်းနေရာလို့ ဆိုကြပါတယ်။ မင်းကြီးလည်း မွန် ပုန်ကန်သူတွေကို အနိုင်ရပေမယ့် မွန်ပညာရှိ စာဆိုတယောက်မှ မတွေ့ရလေတော့ သူ့လူတွေကို မွန်စာဆိုတယောက် ဆက်သွင်းခိုင်းသတဲ့။ ဒီတော့ရှာဖွေကြတာ နောက်ဆုံး ‘မောင်နု’ ဆိုတဲ့ လူတယောက်ကို ရှေ့တော်သွင်းလိုက်တာပေါ့။ ဘုရင်ကလည်း ရှေ့တော်မှောက်ရောက်တာနဲ့– “ဟဲ့ မောင်နု၊ ဟောဟိုမှာကြည့်စမ်း၊ ဘုရားထီးတော်မှာ တွဲလွဲသေနေတယ်။ ကျီးကန်းနဲ့တူရဲ့။ အဲဒီအကြောင်း မောင်မင်း စာဆိုပြီးဆက်သရမယ်”လို့ ဆိုတော့ မောင်နုဟာ ရုတ်တရက် စာဆိုလိုက်တာက… “အဆင်းရောင်မဲမဲနဲ့၊ ကွာကွန္နရာဇာပါဘုရား၊ လေးဆူဓာတ်ပုံခေါ်တဲ့ ရွှေတိဂုံစေတီကြီးမှာလ၊ အထက်ခေါင် ထီးတော်ကြီးမှာ၊ သင်းဇောက်ထိုးသေပါဘုရား…”လို့ ဆိုလိုက်တော့ သာယာဝတီမင်းလည်း ပြုံးရယ်တော်မူပါသတဲ့။ မောင်နု စာဆက်တာ မဟန်မှန်း မဟုတ်မှန်း သိတယ်။ ဒါပေမဲ့ စစ်နိုင်ဘုရင်ဖြစ်ရင် ရှေးရှေးဘုရင်တွေက ပညာရှိတွေ၊ လက်မှုအတတ်ကျွမ်းကျင်တဲ့ ပညာသည်တွေကို ခေါ်လာနေကျ။ သူလည်း စစ်နိုင်ဘုရင်တပါးအနေနဲ့ တယောက်တလေတော့ ခေါ်သွားမှဖြစ်မှာကိုး။ ဒါမှ ဒေသခံလူထုကြားမှာလည်း အထင်ကြီးပြီး သိက္ခာလည်း ရှိပေမပေါ့။ ဒါကြောင့် တကယ့်ပညာရှိ မရတဲ့အဆုံး မောင်နုကိုပဲ ပညာရှိစာဆိုအဖြစ်နဲ့ နေပြည်တော်ကို ခေါ်တော်မူသွားသတဲ့။ နေပြည်တော်မှာတော့ မောင်နုဟာ ရန်ကုန်က ပါလာတဲ့ စာဆိုတော်တယောက်အဖြစ် ကျော်ကြားနေတော့တာပေါ့။ အဲဒီမှာ ဘုရင့်သားတော်တပါးက မင်းသမီးတပါးကို ကြိုက်တော့ သူ့ကိုယ်စား ရည်းစားစာအတွက် အဘယ်သို့သော စာဆိုတော်ပညာရှိကို အရေးခိုင်းရင် ကောင်းလေမလဲလို့ စဉ်းစားတယ်။‌ ဒေသခံစာဆိုတော်တွေကို ခိုင်းရင်လည်း ပွထပြီး နန်းတွင်းတခုလုံး သိကုန်မှာစိုးတဲ့အတွက် တနယ်သားဖြစ်တဲ့ မောင်နုကိုပဲ ရွေးပြီး အရေးခိုင်းတော့တာပေါ့။ မောင်နုလည်း ရေးပြီးတာနဲ့ မင်းသားကို မပြတော့ဘဲ မင်းသားကြိုက်တဲ့ မင်းသမီးလေးကို တိုက်ရိုက်ပဲ မောတ္တာစာ ပေးပို့လိုက်တော့တာပေါ့။ အဲဒီမှာပဲ စာရတဲ့မင်းသမီးနဲ့ နန်းတွင်းသူတွေကြားမှာ မင်းသား ပေးတဲ့စာကိုဖတ်ပြီး တဟားဟားနဲ့ ရယ်မဆုံး ဖြစ်နေကြသတဲ့။ နန်းတော်တခုလုံးလည်း ဒီမေတ္တာစအကြောင်း ပြောပြီး ရယ်နေကြတော့ မင်းသားလည်း ရှက်ပြီး သူ့ဖမည်းတော်ကို တိုင်ကြားတော့တာပေါ့။  ဒီတော့မင်းကြီးက မောင်နုကို ခေါ်တော်မူပြီး “ဟဲ့…ငနု မြို့စားမင်းသားအတွက် မောင်မင်းက မေတ္တာတော် မှာတမ်းစာရေးပေးရတယ်ဆိုကွဲ့။ အဲဒီမှာတမ်းစာကို ရွတ်စမ်းဟဲ့”ဆိုတော့ ငနုက …  “မှန်လှပါ လျှောက်တင်ပါမယ်ဘုရား” ဆိုပြီး ရွတ်ဆိုပြလိုက်တာက…                                    “ချစ်လွန်းလို့ မိငယ် ရှိခိုးပါရဲ့။ ချစ်လွန်းလို့ မိငယ် ရှိခိုးပါရဲ့။ မယ့်ဖင် ဆားတွေ ဖြူးတယ် မောင်ဖူးပါရဲ့” တဲ့။ ဒီဘုရင်လည်း ရယ်ချင်တာကို ဟန်ဆောင်ပြီး… “ဟဲ့ ငနုရဲ့ နင့်မေတ္တာစာကလည်း မလျော် မလျောက်ပတ်လိုက်တာ။ ရှက်ဖွယ်ရယ်ဖွယ်ရာကြီး ဖြစ်နေပါကောဟဲ့။ မောင်မင်းစာက ဘယ်မှာ ကောင်းလို့တုံး”ဆိုတော့ မောင်နုက... “မှန်လှပါ။ ဒီမေတ္တာစာမှာပါတဲ့ အချစ်မျိုး ဘယ်သူမှ ချစ်နိုင်မယ် မဟုတ်ပါ။ ရှိခိုးလောက်အောင် ချစ်တဲ့အချစ်မျိုး ဘယ်သူမှ မလုပ်နိုင်တဲ့ ထူးကဲတဲ့ အချစ်မျိုးဖြစ်ကြောင်း ဖွဲ့ဆိုတာပါဘုရား”လို့ ဆိုတော့… ဘုရင်လည်း ငနုစာဟာ မဟုတ်မှန်း၊ အဓိပ္ပာယ်မရှိမှန်း၊တကယ့်ပညာရှိ မဟုတ်မှန်း သိပေမယ့် စစ်နိုင်ဘုရင် ဂုဏ်သိက္ခာမကျဆင်းရလေအောင် ရယ်ချင်စိတ်ကို မျိုသိပ်လို့ ရာဇဣန္ဒြေဆောင်လိုက်ပြီး…။ “မောင်မင်းတို့ ငနုရဲ့မေတ္တာစာဟာ ထူးကဲလှပေတယ်။ ကြမ်းတမ်းရိုင်းစိုင်းတဲ့စာ မဟုတ်ပေဘူး။ ဒီတော့ ပညာရှိ စာဆိုငနုကို ‘ဆတောင်’ရွာစားစေဗျား”လို့ အမိန့်ထုတ်ပြီး သားတော်ကိုလည်း သူ ကြိုက်နှစ်သက်တဲ့ မင်းသမီးနဲ့ ပေးစားလိုက်သတဲ့။   ပြဿနာတရပ်ကတော့ ပြေလည်သွားပေမယ့် နန်တော်တခုလုံးသာမကပဲ နန်းအပြင်ထိပါ မောင်နုစာထဲပါတဲ့ “ဖင်,ဆားဖြူး”ဆိုတာကို “ဖင်,လျက်ဆားဖြူး”ဆိုပြီး တယောက်နဲ့ တယောက် စကြ၊ ပြောင်ကြတော့တယ်။ အချိန်ကြာလာတော့ ‘ဖင်,လျက်ဆားဖြူး’အစား “ဖင်လျက်,ဆားဖြူး” ဆိုပြီး ဆိုရိုးစကားဖြစ်လာဟန်ရှိတယ်လို့ ကြံဆစရာ ဖြစ်လာပါတော့တယ်။ ဆောင်ရန်နီတိ။    ။ စစ်နိုင်လို့ဖြစ်စေ၊ မဲနိုင်လို့ဖြစ်စေ၊ နိုင်ငံအချုပ်သူ၊ နိုင်ငံခေါင်းဆောင်တို့သည် ပညာရှိစာဆိုတော်နှင့် ကြီးလေးသော တာဝန်ထမ်းဆောင်သူတို့ကို ရွေးချယ်ခန့်ထားရာတွင် ‘မောင်နု’လို ပညာရှိမျိုး မဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းတည်း။  စာကိုး။       ။မှော်ဘီဆရာသိန်း၏ “အရူးလွယ်အိတ် စာတမ်း” ဆရာဋ္ဌေး 
12 months Ago
Up