အပျိုရည်အဖျက်ခံရတဲ့ မန္တလေးနဲ့ စိမ့်တိုင်းဖြစ် ရေမျှောကမ်းတင် မျှော့ဖြူကြီးများ

December 19, 2015

အပျိုရည်အဖျက်ခံရတဲ့ မန္တလေးနဲ့ စိမ့်တိုင်းဖြစ် ရေမျှောကမ်းတင် မျှော့ဖြူကြီးများ

ကျောက်ဆည်ကိုလွန်လာပြီး စဥ့်ကိုင်၊ ပုလိပ်တ၀ိုက် ရောက်ပြီဆိုရင် ရထားပေါ်ကနေ ထုံးဖွေးဖွေးနဲ့ စစ်ကိုင်းတောင်ကို လှမ်းမြင်နေရပြီ။ မြစ်ငယ်တံတားကျော်ပြီးလို့ တအောင့်လောက်ရှိရင် ရေဖွေးဖွေးနဲ့ တောင်သမန်အင်းလယ်ထဲမှာ ဦးပိန်တံတားကို မှုန်ပြပြမြင်ရပြီ။ တန်ခွန်တိုင်ရွာ၊ မြို့ဟောင်း၊ ရှမ်းစု အစဉ်အတိုင်း အမြန်ရထားကြီး တဂျိုင်းဂျိုင်း ၀င်လာသံနဲ့အတူ ကျနော့်နှလုံးသားလည်း တဒိန်းဒိန်း ခုန်လာခဲ့ပြီ။ သြော် … မန္တလေးကိုတောင် ရောက်တော့မှာကိုး။ ကျနော် လူမှန်းသိတတ်စအထိတော့ မန္တလေးက အပျိုစင်စစ်စစ်ပါ။ မြန်မာမှု မြန်မာ့ဓလေ့တွေနဲ့ ထုံမွှမ်းခဲ့တဲ့မြို့။ မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာဝတ်ရုံကို တခမ်းတနားခြုံပြီး လှချင်တိုင်းလှခဲ့တဲ့မြို့၊ ဗုဒ္ဓသာသနာ ရောင်ဝါထိန်ထိန်သာလို့ ရှုမညီးအောင်လှတဲ့မြို့၊ ရှမ်းရိုးမ၊ ငရံ့မင်းတောင်၊ မန္တလေးတောင်၊ မင်းဝံတောင်တန်းကြီးတွေက ငုံ့ကြည့်ပြီး ငေးယူရလောက်အောင် အပျိုသွေးသန့်သန့်နဲ့ လှလွန်းတဲ့မြို့၊ ယဉ်ကျေးဖော်ရွေ၊ ပျူပျူငှာငှာ၊ ပီယာဝါစာ၊ ဆိုတတ်တဲ့မြို့၊ သဒ္ဓါတရားထက်သန်ပြီး အလှူအတန်း ရက်ရောတဲ့မြို့ပါ။ အဲသလောက် အဆင်းရော အချင်းရော ပြည့်စုံတဲ့ အပျိုစင်မန္တလေးဟာ စစ်အာဏာရှင် အမှောင်ခေတ်တလျှောက်လုံး ကျနော်တို့ မျက်စိရှေ့မှာတင် တစတစ အပျိုရည်အဖျက်ခံရတာကို ရင်နာနာနဲ့ မချိတင်ကဲ ကြည့်ခဲ့ကြရတယ်။ ရဟန်းရှင် လူ၊ မြို့ခံလူထုကြီး စုဝေးပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီးဆိုတာ အခုတော့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် ဖြစ်သွားပြီ။ ကျောက်တော်ကြီးဘုရားပွဲဆိုရင် မန္တလေးအနီးတ၀ိုက် ရွာတွေက ပွဲလာသူတွေနဲ့ လှည်းဝိုင်းကြီးတွေ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားလေ့ရှိခဲ့တဲ့ မင်းတုန်းမင်းကြီး ကောင်းမှုတော် သုဓမ္မာဇရပ်တန်းတွေဆိုတာ ပက်ပက်စက်စက် လျစ်လျူရှုခံရတော့ မြက်ရိုင်းတောတွေကြားမှာ ဆွေးမြည့် ယိုယွင်းနေခဲ့ရတယ်။ အရင်တုန်းက ကြာဖြူကြာပြာ ကြာနီကြာမျိုးစုံစွာ ဗေဒါပြာ၊ ဘဲစာတွေနဲ့ ပန်းချီကားတချပ်လို မှုန်နေအောင်လှခဲ့ဖူးတဲ့ ရေကျုံးဆိုတာ အင်္ဂတေတွေမံ ထုံးတွေရံထားတော့ နဂိုအလှပျက်သွားပြီး၊ နန်းမြို့ရိုးနဲ့ ပြအိုးပြဿ ဒ်တွေဆိုတာလည်း ရှေးမူမပျက် မထိန်းသိမ်းဘဲ ပြိုကျတဲ့နေရာတွေသာ အပေါစားအုပ်ချပ်တွေနဲ့ ဖားထေးထားတော့ အပျိုမလေးမျက်နှာမှာ ပွေးဝဲယားနာ စွဲနေသလိုမျိုး ဖြစ်သွားတော့တာပေါ့။ မန္တလေးမြို့ကြီး သိသိသာသာ အပျိုရည်ပျက်စေတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီး နှစ်ခုပါပဲ။ မြို့လယ်ခေါင်တခုလုံးနီးပါး ပြောင်တလင်းခါသွားစေတဲ့အပြင် မန္တလေးမြို့နေ ရွာခံ ဇာတိသားစစ်စစ်တွေ မြို့ပြင် အရှေ့တောင်အရပ်က ပဲဖြူကုန်း သိုးခြံ စတဲ့မြို့သစ်ဘက် ရောက်ကုန်စေခဲ့တယ်။ အဲဒီအချိန်ကစလို့ မန္တလေးမြို့လယ်မှာ မျှော့ဖြူကြီးတွေ စရောက်လာခဲ့တော့တာပဲ။ မြို့လယ်က ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ တိုက်မြင့်ကြီးတွေ ကြည့်လိုက်ရင် အဲဒီမျှော့ဖြူကြီးတွေပဲ ကပ်နေတာ တွေ့ရလိမ့်မယ်။ မန္တလေးအပျိုရည် အဖျက်ခံရတာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကာလတွေမှာ အဆိုးဆုံးပဲ။ တမြို့လုံး နေရာအနှံ့ မာလာငါးဟင်းဆိုင်၊ ယူနန်အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေဆိုတာ ခလုတ်တိုက်ရလောက်အောင် မတွေ့ချင် မမြင်ချင်အဆုံး ပေါလာတာ။ မနက်ခင်းစောစော ကျုံးဘေးပဲ လမ်းလျှောက်လျှောက်၊ ၆၂ လမ်းဘေးပဲပြေးပြေး အသားနီစပ်စပ်၊ ခေတ်ပျက်မှာ သူဋ္ဌေးဖြစ်လာပုံရတဲ့ မျှော့ဖြူကြီးတွေဆိုတာ မနည်းရှောင်ယူနေရပြီ။ ၂၆ ဘီလမ်းအတိုင်း အရှေ့ဘက်ကို ထောင်တက်လိုက်တော့ အောင်ပင်လယ်ဘက်မရောက်ခင် ဘေးလမ်းတွေထဲ ၀င်ကြည့်လိုက်ပါ။ သံတံခါးအမြင့်ကြီးတွေ၊ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာရံထားတဲ့ ၀င်းကြီးတွေ အများအပြား တွေ့ရလိမ့်မယ်။ သိန်းပေါင်းသောင်းဂဏန်းထိ ပေါက်နေတဲ့ အဲဒီလိုနေရာမျိုးတွေကို လွယ်လင့်တကူဝယ်နိုင်တဲ့ ငွေကြေးဓနတွေ သူတို့ ဘယ်ကရကြသလဲ။ နန်းရှေ့နဲ့ အောင်တော်မူလမ်းတွေထဲမှာ အ၀တ်စအနီ၊ မီးပုံးအနီတွေ ချိတ်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေ မိုးဦးကျမှိုတွေလို အလျှိုအလျှို တွေ့လာရပြီ။ အဆိုတော် လွှမ်းမိုးဆိုခဲ့တဲ့ “ဟင်္သာတို့ရဲ့ နန်းတော်ရှေ့” သီချင်းကိုတောင် “ပေါက်ဖော်တို့ရဲ့ နန်းတော်ရှေ့” လို့ ပြောင်းဆိုရမယ့်ကိန်း ဆိုက်လာလိမ့်မယ်။ မဟာတံတိုင်းကြီးက ခေတ်သစ်ကိုလိုနီခြေလှမ်းတွေနဲ့ မန္တလေးတောင်ကိုပတ်ဖို့ ကြိုးစားနေပြီ။ မြန်မာ့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဆောင်ပုဒ်ကို ကြားဖူးကြမှာပါ။ “မြေမျို၍ လူမျိုးမပျောက်နိုင်၊ လူမျိုမှ လူမျိုးပျောက်နိုင်သည်” မဟုတ်လား။ ဒီဆောင်းပါးကိုရေးတဲ့ ရည်ရွယ်ချက်က တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်နေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းပြောချင်သည်။ တိုင်းပြည်တခု တိုးတက်ချမ်းသာဖို့ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သင့်မြတ်ရုံတင်မက နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး စံနှုန်းစံထားတွေနဲ့ အပြန်အလှန် အကျိုးရှိတဲ့ စီးပွားဘက်၊ မိတ်ဘက်နိုင်ငံတွေအဖြစ် အတူယှဉ်တွဲ နေထိုင်ကြဖို့ လိုပါတယ်။ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ အဓိကရုဏ်းရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို မေ့ဖျောက်ပစ်လို့ မရပါဘူး။ တရားဝင် နယ်စပ်က ၀င်ရောက်လာပြီး ဥပဒေဘောင်အတွင်းမှာ ရိုးရိုးသားသား စီးပွားရှာ ရောင်းဝယ်ဖောက်ကားလို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာတဲ့ တရုတ်လူမျိုးဆိုရင် ကြိုဆိုကြရမှာပါ။ ဒါကိုမှ တကယ့် ပေါက်ဖော် (fraternal) လို့ ခေါ်နိုင်မှာမဟုတ်လား။ အခုစာရေးသူပြောနေတဲ့ မျှော့ဖြူကြီးတွေဆိုတာက ဥပဒေအထက်မှာနေတဲ့ အကျင့်ပျက် အာဏာပိုင်တွေနဲ့ပေါင်းပြီး မန္တလေးမြို့ရဲ့ အိမ်ဦးခန်းမှာ ဘယ်ကဘယ်လိုရခဲ့မှန်းမသိတဲ့ နိုင်ငံသားလက်မှတ်တွေ အခန့်သားကိုင်ပြီး ဇိမ်ကျနေတဲ့ တရုတ်-မြန်မာနယ်စပ် ခွေးတိုးပေါက်တွေက ၀င်လာကြတဲ့ မရိုးသားတဲ့ ရေမျှောကမ်းတင် ပြည်ကြီးတရုတ်လူမျိုးတချို့ကို ဆိုလိုတာပါ။ အဲဒီမျှော့ဖြူကြီးတွေဟာ ကျနော်တို့နိုင်ငံရဲ့ ယိုယွင်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလတခုကို အခွင့်ကောင်းယူပြီး ဥပဒေနဲ့ မလွတ်ကင်းတဲ့ လူသုံးကုန်စည်တွေတင်မက မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပါမကျန် ရောင်းဝယ်ဖောက်ကားခွင့်ရပြီး ပွဲတော်တွေ့ခဲ့ကြ ချမ်းသာလာခဲ့ကြတာပါ။ ရိုးသားစွာ ချမ်းသာအောင်မြင်လာသူတွေကို မုဒိတာပွားနိုင်ပေမယ့် ဥပဒေအထက်မှာနေပြီး မသမာတဲ့နည်းနဲ့ ချမ်းသာလာတာကိုတော့ လက်ခံလို့မရပါဘူး။ သူတို့ရဲ့ချမ်းသာမှုဟာ ဗမာပြည်သူတွေကို နိမ့်ကျဆင်းရဲမှု ဖြစ်စေပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့် မရှိသူတွေအတွက် နစ်နာလှပါတယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင်မစောင့်ရှောက်နိုင်ခဲ့လို့ ဖြစ်ခဲ့ရတဲ့ အခြေအနေပါ။ မန္တလေးရဲ့ အဝေးရောက်သားဖြစ်တဲ့ စာရေးသူအဖို့တော့ အခွင့်သာလို့ အလည်ပြန်တိုင်း ဈေးချိုတော့ မရောက်ရောက်အောင်သွားတယ်။ ရုံကြီးတွေထဲ ဟိုဝင်ဒီထွက်နဲ့ မောသွားအောင် ကြည့်ပြီးမှ မန္တလေးနန်းကြီး ဒါမှမဟုတ် ခိုတောင်မုန့်တီသုပ်စား၊ ရွှေရင်အေးသောက်၊ အုန်းနို့ကျောက်ကျောစားပြီးရင် အရီးတောင်းလက်ဖက် ရှူးရှဲသုတ်လေး ၀ယ်ပြီးမှ အိမ်ပြန်တာ ထုံးစံလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် တခေါက်ပြီးတခေါက် ပြန်လာတိုင်း ဈေးချိုဟာ ပိုပိုပြီး ရုပ်ပျက်လာတာ သတိထားမိတယ်။ အခုဆို မှတ်မိစရာဆိုလို့ မန္တလေးနာရီစင်တခုပဲ ကျန်တော့တယ်။ အဲဒီနာရီစင်ဟောင်းလေးတော့ ဖျက်ပစ်မယ့်စာရင်းထဲ မပါစေဖို့ ဆုတောင်းနေမိတယ်။ ဈေးချိုဟာ အပြင်ပန်းတင် ရုပ်ပျက်သွားတာမဟုတ်ဘူး။ အတွင်းသား အနှစ်သာရနဲ့ တန်ဖိုးတွေဖြစ်တဲ့ ယဉ်ကျေးဖော်ရွေမှု၊ ပီယ၀ါစာပြောဆို ဈေးခေါ်တတ်မှု စတဲ့ ဂုဏ်ဒြပ်တွေပါ ယုတ်လျော့ ပျောက်ဆုံးကုန်တာ ၀မ်းနည်းဖွယ်ရာ တွေ့မြင်ခဲ့ရတယ်။ မန္တလေးရဲ့ ဓလေ့ထုံးတမ်းများစွာနဲ့ အထင်ကရ ပွဲတော်ကြီးတွေ သမိုင်းဝင်နေရာဌာနကြီး တော်တော်များများဟာ တိမ်ကောတဲ့ဟာကတိမ်ကော၊ တန်ဖိုးပျောက်ဆုံးနေတာတွေက ပိုပျောက်ဆုံးလာခဲ့ပြီ။ အထင်ရှားဆုံး သာဓကကတော့ မန္တလေးသင်္ကြန်ပဲ။ ကျနော်တို့ခေတ်တုန်းက အတာသင်္ကြန်ဆိုတာ ယဉ်ကျေးစွာ ရေပက်သူပက်၊ စတုဒီသာ အလှူပေးသူကပေး၊ ဇီဝိတဒါန ပြုသူကပြု၊ သက်ကြီးရွယ်အိုတွေ ခေါင်းလျှော်ပေးသူကပေး ခြေသည်းလက်သည်း လှီးသူကလှီး၊ သံချပ်ဆိုသူကဆိုနဲ့ တမြို့လုံး ယဉ်ကျေးပျော်ရွှင်စွာ စည်ကားခဲ့ ကျင်းပခဲ့ကြတာ။ အခုခေတ် မန္တလေးသင်္ကြန်ဆိုတာ ကျုံးဘေးပတ်လည်တ၀ိုက်မှာ ယုတ်မာရိုင်းစိုင်းသူတွေ၊ နှမချင်းမစာနာသူတွေ မူးရစ်ရမ်းကားတဲ့ပွဲတော်ကြီး ဖြစ်နေပြီး။ လူကောင်းသူကောင်းတွေ မန္တလေးသင်္ကြန်ကို အရင်တုန်းကလို ရင်သိပ်မခုန်ကြတော့ဘူး။ ဒုလ္လဘခံရင်ခံ၊ မခံဖြစ်ရင် တရားစခန်းဝင်ကြတော့တယ်။ သာသနာသက္ကရာဇ် ၂၅၀၀ ပြည့်ပွဲကြီး လုပ်ခဲ့တဲ့ ဘုန်းကြီး ၄၅ တာဝင်းကြီးဆိုတာ အခုမရှိတော့ဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတုန်းက လူထုဟောပြောပွဲတွေကို အဲဒီဝင်းကြီးထဲမှာ ကျင်းပခဲ့ကြတာ။ မန္တလးတက္ကသိုလ်ဆိုတာ အ၀င်ဝမုခ်ဦးကြီး ကြည့်လိုက်တာနဲ့ ပစ်ပယ်ထားမှန်း သိသာလိုက်တာ၊ သံချေးအလိမ်းလိမ်း၊ ခြုံနွယ်တွေက လိပ်တက်လို့ ဘုရင့်သားတော်သမီးတော်တွေ ရေကူး ဆော့ကစားကြတဲ့နေရာ နန်းတွင်းထဲက ဘုတ်တလုတ်ရေကန်ဆိုတာ နိုင်ငံခြားသားတွေခေါ်ပြရမှာတောင် ရှက်တယ်။ ထုံးလေးသုတ်၊ မြက်ကလေးခုတ်ရုံနဲ့ ထိန်းသိမ်းထားပါတယ်လို့ပြောဖို့ မလုံလောက်ဘူး။ ထန်းလုံးအမြောက်ကြီးတွေဆိုတာ နှမြောဖို့ကောင်းလိုက်တာ သံချေးအထပ်ထပ်တက် ကွာကွာကျပြီး မြေဆီသြဇာ ဖြစ်နေတာကြာပြီ။ ဒီတခေါက်ပြန်တော့ သပြေတန်းခံတပ်ကို ၀င်ကြည့်ဖြစ်ခဲ့တယ်။ စစ်ကိုင်းတံတားထိပ် ကားလမ်းပေါ်ကနေ ခံတပ်ဝင်းထဲဝင်ဖို့ ခက်ခက်ခဲခဲ ဆင်းယူရတယ်။ လှေခါးထစ်တွေနဲ့ လမ်းဖောက်ထားတာများ စနစ်မကျလိုက်တာ။ အထဲရောက်တော့ မြက်ရိုင်းတောကြီးက ဟီးထလို့၊ လုံခြုံရေးစောင့်နေတဲ့ တပ်ကြပ်တယောက်ကတော့ လက်နှိပ်ဓာတ်မီးလေးနဲ့ လိုက်ပို့ရှာပါတယ်။ ရိက္ခာလှောင်ခန်းတို့ ယမ်းတိုက်တို့ဆိုတာ ၀င်မကြည့်ရဲပါဘူး။ လင်းနို့ချေးတွေ၊ ပိုးကောင်တွေနဲ့ မြွေဆိုးတွေတောင် ရှိနိုင်တယ်။ အဲ့ဒီလို သမိုင်းဝင်နေရာတွေ၊ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ အဆောက်အဦ ဌာနတွေဆိုတာ ထိုက်သင့်တဲ့ ဘဏ္ဍာငွေကြေးတွေ သုံးစွဲပြီး မပျက်မစီး၊ မယိုယွင်းရအောင် လာချင်စဖွယ်ဖြစ်အောင် ထိန်းသိမ်းထားရမှာ မဟုတ်လား။ မနှစ်တုန်းက ထင်ပါတယ်။ မန္တလေးမြို့ စိမ်းရောင်စိုအဖွဲ့က အရင်အစိုးရတွေ ချောင်ထိုးအမေ့ခံထားကြတဲ့ အာဇာနည်ဗိမာန်ကို သန့်ရှင်းရေးလုပ်ကြတယ်ဆိုတဲ့ သတင်းလေး အင်တာနက်ပေါ်မှာ ဖတ်လိုက်ရတော့ ၀မ်းသာရသေးတယ်။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင်တော့ သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ အထင်ရှားဆုံး ကျန်ရစ်တဲ့ ရတနာပုံ မင်းနေပြည်တော်ဟောင်း၊ မန္တလေးမြို့ဟာ အပျိုရည်ဖျက်ခံခဲ့ရပြီဆိုပေမယ့် ဖွတ်သထက် မညစ်စေဖို့ ပြန်လည်အဖတ်ဆယ်ကြဖို့ရာမှာ အစိုးရမှာတင် တာဝန်ရှိတာမဟုတ်ဘဲ တိုင်းသူပြည်သား မြို့သူမြို့သားတွေကလည်း ၀ံသာနု ရက္ခိတ တရားနဲ့ မိမိယဉ်ကျေးမှု၊ မိမိဘာသာ၊ သာသနာကို တန်ဖိုးထား မြှင့်တင်လိုစိတ်တွေနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်။ အစိုးရဘက်ကလည်း လုပ်သင့်တဲ့ အတိုင်းအတာအတွင်းက မန္တလေးမြို့ကြီးရဲ့ ထိန်းသိမ်းစောင့်ရှောက်အပ်တဲ့ နေရာဌာနကြီးတွေကို ကောင်းမွန်စွာ ထိန်းသိမ်းဖို့လိုသလို မြို့လယ်နဲ့ အိမ်ဦးခန်းမှာ ကပ်နေတဲ့ မျှော့ဖြူကြီးတွေကို အဂတိတရားလေးပါး ကင်းကင်းနဲ့ စိစစ်ဖယ်ရှားဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံသားတွေဘက်ကလည်း ကိုယ်နိုင်ရာနိုင်ရာဝန်တွေ ထမ်းကြဖို့လိုပါတယ်။ စိမ်းရောင်းစိုလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ခေတ်အမြင်ရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ပိုမိုအားကောင်း သန်စွမ်းကြီးမား ဖွံ့ဖြိုးလာအောင် စိတ်အား၊ ကိုယ်အား၊ လူအား၊ ငွေအား၊ အကြံဉာဏ်အားတွေ ဖြည့်ကြရင်း စိုးရိမ်ဖွယ်ရာ တိမ်ကောလာနေတဲ့ မန္တလေးရဲ့ ယဉ်ကျေးမှုအစဉ်အလာ ဖော်ထုတ်ပွဲတွေ၊ ထိန်းသိမ်းပွဲတွေ၊ မြှင့်တင်ပွဲတွေမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြခြင်းနဲ့ မြန်မာ့ကျက်သရေဆောင် ရတနာပုံ မန္တလေးမြို့တော်ကြီးကို အသစ်တဖန် အပျိုသွေးလောင်းနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုလျက်။ လေးစားစွာဖြင့် မင်းကောင်းချစ်
6 years Ago
Up