အပေါင်ဆိုင်

A d v e r t i s e m e n t With Us

November 25, 2020

ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်က အ​ပေါင်​ခံထားသည့် စက်ဘီးနှင့် ဆိုက်​ကားများ အခမဲ့ပြန်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့မှာ လိုင်စင်ရအပေါင်ဆိုင် တစ်ဆိုင်က အပေါင်လာအပ်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ကာ အခမဲ့ပြန်လည်းပေးအပ်နေပါတယ်။ အောင်ဆန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ ဖွင့်ထားတဲ့ အပေါင်ဆိုင်မှာ ကိုဗစ်ကာလ အခြေခံလူတန်းစာတွေကို ထောက်ပံ့တဲ့အနေနဲ့ သူတို့ လာရောက်ပေါင်နှံထားတဲ့ ဆိုက်ကား စက်ဘီးတွေကို အပေါင်လက်မှတ်ပြတာနဲ့ ပြန်လည်ထုတ်ပေးနေတာလို့ အပေါင်ဆိုင်ပိုင်ရှင် မခင်မာကြူက ပြောပါတယ်။ "မနေ့ကစပြီးတော့ လုပ်ဖြစ်တာပါ။ အဓိက ကိုဗစ်ကာလမှာ အခြေခံလူတန်းစားတွေကို ထောက်ပံ့ချင်တာပါ။ အဲ့တာကြောင့် ဆိုင်မှာ လာပေါင်ထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို အပေါင်လက်မှတ်ပြတာနဲ့ ပြန်ပြီး အခမဲ့ပေးနေ တာပါ" လို့ ပြောပါတယ်။ အပေါင်ခံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေများတဲ့အတွက် ၁ ဦးစီ လိုက်မပြောနိုင်တော့လို့ မနေ့က နေ့လည်ပိုင်းမှာ အပေါင်အပ်နှံထားသူတွေအနေနဲ့ ဆိုင်မှာ အပေါင်လက်မှတ်ပြလာထုတ်နိုင်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့ရတယ်လို့ ဆိုပါတယ်။ အပေါင်ဆိုင်မှာ လာရောက်ပေါင်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးအစီးရေ ၁၀၀ ဝန်းကျင် ရှိပြီး လာရောက်ထုတ်ယူဖို့အတွက် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ခုလို ပေါင်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို အခမဲ့ပြန် ထုတ်ပေးတဲ့အတွက် လာရောက်ထုတ်ယူသူတွေက ဆိုင်ရှင်အပေါ် ဆုတောင်း မေတ္တာပို့တာတွေလည်း ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
3 months Ago

June 16, 2020

အမာမြို့ အပေါင်ဆိုင်တခုတွင် ရွှေ ၁၉ ကျပ်သားကျော်နှင့် ငွေကျပ်သိန်း ၅၀ ဖောက်ထွင်းခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့မှာ ဇွန် ၁၄ ရက် မနက်အစောပိုင်း ၁ နာရီလောက်က အမှတ် ၃ ရပ်ကွက်ရှိ အပေါင်ဆိုင်မှာ ရွှေ ၁၉ ကျပ်သားကျော်နဲ့ ငွေ ကျပ်သိန်း ၅၀ ဖောက်ထွင်းခံရပါတယ်။ အဲဒီနေ့ မနက် ၅ နာရီကျော်လောက်မှာ အိမ်အကူဖြစ်သူ မဂွမ်းဖြူ အိမ်တံခါးများဖွင့်ဖို့ ထွက်လာစဉ် အိမ်ရှေ့တံခါးပွင့်နေတာကို တွေ့ရှိပြီး အကြောင်းကြားလို့  အပေါင်ဆိုင် ပိုင်ရှင် ဦးကျော်မိုးနိုင်က သွားရောက်ကြည့်ရှုရာ အပေါင်ခံထားတဲ့ ရွှေထည်တွေနဲ့ ငွေတွေ ခိုးယူခံထားရကြောင်း တွေ့ရှိခဲ့တာပါ။ စားပွဲခုံက အံဆွဲများပွင့်နေပြီး အံဆွဲအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ရွှေလက် စွပ်မျိုးစုံ ၁၁ ကွင်း၊ ရွှေနဖူးမျိုးစုံ ၁၃ ခု၊ ရွှေနားကွင်းမျိုးစုံ ၁၁ ကွင်း၊ ရွှေနားဆွဲ ၁ ခု၊ ရွှေဆွဲကြိုးသံကြိုးကုံး ၁ ကုံး၊ ရွှေဆွဲကြိုး ဆွဲပြားပါ ၁ ကုံး၊ ရွှေဟန်းချိန်း ၁ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၂ ကုံး၊ လက်ကောက် ၂ ကွင်း၊ စုစုပေါင်းအလေးချိန် ၁၉ ကျပ်သားကျော် ကာလတန်ဖိုး ၂၁,၇၅၈,၀၀၀ ကျပ်နဲ့ ငွေသား ကျပ် သိန်း ၅၀ ပျောက်ဆုံးနေတာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ခိုးယူသွားသူအား ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူပေးနိုင်ဖို့ ဦးကျော်မိုးနိုင်က တရားလိုပြု လုပ်တိုင်တန်းတာကြောင့် အမာနယ်မြေရဲစခန်းမှာ (ပ) ၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး အမှုစစ် ရဲအုပ် တင်အောင်က တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ကျော်စိုးမိုး 
8 months Ago
Up