အပူလှိုင်း

July 24, 2022

ရှင်ကျန်းပြည်နယ်တွင် အပူလှိုင်းကြောင့် ဖြစ်လာမည့်အန္တရာယ်အတွက် သတိပေး

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်မှာ အပူလှိုင်းတွေ တိုက်ခတ်လာနေလို့ ရုတ်တရက် ရေကြီး မြေပြိုတာတွေနဲ့အတူ စိုက်ပျိုးရေးအတွက် အန္တရာယ်တွေ ပိုရှိလာနိုင်တယ်လို့  ဇူလိုင် ၂၃ ရက် က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရေခဲမြစ်တွေ အရည်ပျော်နှုန်း အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး ဝါစိုက်ပျိုးရေးအတွက် ဘေးသင့်နေပါတယ်။

တရုတ်နိုင်ငံဟာ ဇွန်လကတည်းက  အလွန်ပူပြင်းတဲ့ ရာသီဥတုကြောင့် နေအိမ်တွေ၊ ရုံးခန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေ အအေးခံဖို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာခဲ့ပါတယ်။ စိုက်ပျိုးရေးဒေသတွေမှာ စိုးရိမ်စရာ ကောင်းလောက်အောင် မိုးခေါင်နေတာပါ။

ပြင်သစ်နိုင်ငံရဲ့ အရွယ်အစားထက် နှစ်ဆကျော်ရှိတဲ့ ရှင်းကျန်းဒေသရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်က အစွန်းရောက် ရာသီဥတုဟာ ၁၀ ရက်လောက် ကြာမြင့်နေပြီဖြစ်ပါတယ်။

4 weeks Ago

July 21, 2022

ပေါ်တူဂီတွင် အပူလှိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

ပေါ်တူဂီနိုင်ငံမှာ အပူလှိုင်းကြောင့် သေဆုံးသူ အယောက် ၁၀၀၀ ကျော် ရှိပြီလို့  ကျန်းမာရေး အကြီးအကဲက ဇူလိုင် ၁၉ ရက်မှာ သတိပေးခဲ့ပါတယ်။

ပေါ်တူဂီဟာ အပူဒဏ်ကို ပိုခံရနိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်တာကြောင့် ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့လိုကြောင်း ကျန်းမာရေးအာဏာပိုင် DGS အကြီးအကဲ ဂရာဆာ ဖရေးတပ်စ်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံတဝန်း အပူချိန်ဟာ ပြီးခဲ့တဲ့ အပတ်က ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ရက်တွေအတွင်း အပူချိန်ဟာ တနှစ်ပတ်လုံး ပုံမှန်အဆင့်ထက် ပိုပူနေသေးတယ်လို့ ဖရေးတပ်စ်က ပြောပါတယ်။

ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ အပူလှိုင်းကြောင့် သေဆုံးသူ ၂၃၈ ဦးရှိခဲ့တယ်လို့ DGS က အရင်က အစီရင်ခံတင်ပြခဲ့ပေမယ့် သေဆုံးသူ အရေအတွက်မှာ ဇူလိုင် ၁၈ ရက်မှာတော့ ၁၀၆၃ ဦးအထိ တိုးလာတယ်လို့ ဖရေးတပ်စ်က ပြောခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ ပေါ်တူဂီနိုင်ငံ တဝန်း တောမီးအများအပြား လောင်ကျွမ်းရတာဟာ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်းနဲ့ သစ်တောစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့်လို့ အပြစ်တင်ထား ပါတယ်။ 

အချက်အလက်တွေအရ အပူလှိုင်းကြောင့် သေဆုံးနိုင်ခြေ အများဆုံးသူတွေဟာ သက်ကြီးရွယ်အိုတွေလို့ လစ်စဘွန်းတက္ကသိုလ်ရဲ့ သိပ္ပံဌာနမှ သုတေသနပညာရှင် ကားလို့စ် အန်တူးနက်စ်က ပြောပါတယ်။ 

အနာဂတ်မှာ သေဆုံးသူအရေအတွက်ဟာ ပြည်သူတွေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်မှု အစီအမံတွေ၊ ပြုစုစောင့်ရှောက်ပေးပုံတွေနဲ့ အခြေခံအဆောက်အအုံတွေ လိုက်လျောညီထွေ ရှိတာတွေအပေါ် မူတည်မယ်လို့ သူက ပြောပါတယ်။

“ရာသီဥတုဖောက်ပြန်မှုနဲ့အတူ၊ ဒီသေဆုံးနှုန်း ပိုမိုပြင်းထန်လာမယ်လို့ မျှော်လင့်ရပြီး ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ပြည်သူ့ကျန်းမာရေးအဆင့်မှာ တိုင်းတာဖို့ လိုတယ်” လို့ အန်တူးနက်စ်က ပြောခဲ့ပါတယ်။

4 weeks Ago
More News
Up