အပူပိုင်းဒေသ ချောက်​မြို့တွင်  ရုပ်​ရှင်​အစည်းအရုံးနှင့် ဒေသခံများ ပူး​ပေါင်းသစ်​ပင်​စိုက်

A d v e r t i s e m e n t With Us

June 19, 2019

အပူပိုင်းဒေသ ချောက်​မြို့တွင်  ရုပ်​ရှင်​အစည်းအရုံးနှင့် ဒေသခံများ ပူး​ပေါင်းသစ်​ပင်​စိုက်

အခုနှစ်​အတွင်း အပူချိန်​မြင့်တက်​ခဲ့တဲ့ မ​ကွေးတိုင်းဒေသကြီး၊ ချောက်​မြို့မှာ​ မြန်​မာနိုင်​ငံ ရုပ်​ရှင်​အစည်းအရုံးနဲ့  ချောက်​မြို့ အပူချိန်​​လျှော့ချ​ရေး​ကော်​မတီတို့ ပူ​ပေါင်းပြီး ဇွန်လ ၁၈ ရက် မနက်​ပိုင်းက သစ်​ပင်​စိုက်​ပျိုးခဲ့ကြပါတယ်​။ ရုပ်​ရှင်​အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်​ဝိုင်းက “မကြာခင်​နှစ်​မှာ နှစ်​​ပေါင်း ၁၀၀ ပြည့်တော့မယ့် မြန်​မာ့ရုပ်​ရှင်​​လောကရဲ့ အကြိုအဖြစ်​နဲ့ ကြိုတင်​ပြင်​ဆင်​ထားတာလည်း ရှိပါတယ်​။ ဒါကိုလည်း အဓိပ္ပါယ်​ရှိရှိ ပြည်​သူကိုအကျိုးပြုတဲ့ လုပ်​ငန်း​တွေနဲ့ လှုပ်​ရှားသွားဖို့ စီစဉ်​​နေချိန်​မှာ သရုပ်​​ဆောင်​ ကို​နေထူးနိုင်​က ​ချောက်​မြို့အပူချိန်​​လျှော့ချ​ရေး သစ်​ပင်​စိုက်​ပျိုးမယ်​ဆို​တော့ ကျနော်​တို့တတ်​နိုင်​တဲ့ လူအား​ငွေအားနဲ့ လှူဒါန်းခြင်းဖြစ်​ပါတယ်”လို့​ပြောပါတယ်​။ အပူချိန်လျော့ချရေး သစ်ပင်စိုက်ပွဲတော် အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အလှူတော်ငွေ ကျပ် ၈၄ သိန်းကျော်၊ ရန်ကုန်ရောက် ချောက်မြို့နယ်မိသားစုအသင်းက အလှူတော်ငွေ ကျပ်သိန်း ၇၀၊ ချောက်သခင်ဖိုးလှကြီး စက်မှုသိပ္ပံကျောင်း အင်ဂျင်နီယာ ကျောင်းသားဟောင်းတွေက အလှူတော်ငွေကျပ် ၅ သိန်းတို့ကို ​ချောက်​မြို့ အပူချိန်လျော့ချရေး ကော်မတီထံသို့ ပေးအပ်ခဲ့ပါတယ်​။ ဦး​ဆောင်​​ကော်​မတီဝင် ဦးမင်းနိုင်​က “ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး သစ်ပင်တွေကို ဆက်လက်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ စိုက်ကွက် ၁ မှာ သစ်ပင် ၅၀၀၀ နဲ့ စိုက်ကွက် ၂ မှာ သစ်ပင် ၅၀၀၀ စုစုပေါင်း သစ်ပင် ၁၀၀၀၀ အထိ စိုက်ပျိုးနိုင်တဲ့အတွက် သစ်ပင် ၁၀၀၀၀ စိုက်ပျိုးနိုင်ဖို့အတွက် ကျနော်တို့ ကော်မတီ ဘဏ္ဍာငွေလိုအပ်နေလို့ အလှူရှင်များစွာ လိုအပ်နေ ပါ​သေးတယ်​”လို့ ​ပြောပါတယ်​။ ဒီနေ့အထိ အပူချိန်လျော့ချရေးကော်မတီရဲ့ ဘဏ္ဍာငွေရှာဖွေရေးဆပ်မကော်မတီက အလှူခံ ရရှိငွေ ကျပ်​သိန်း ၂၁၀ အထိ ရှိ​နေပြီး နောင်နှစ်တွေမှာလည်း မြို့အပူချိန် လျော့ကျနိုင်ရေး အတွက် စိုက်ကွက  ၃၊ အရဟံစေတီတောင်တော် ပတ်ဝန်းကျင်နေရာတွေမှာ သစ်ပင်စိုက်ပျိုးဖို့ ရှိပါတယ်​။ ​ချောက်​မြို့ရဲ့ အပူချိန်​ဟာ ပြီးခဲ့တဲ့ ​မေ ၉ ရက်​​က တိုင်းတာချက်​အရ အမြင်​ဆုံး စံချိန်​သစ်​ ၄၇.၁ ဒီဂရီ ကို​ရောက်​ရှိခဲ့သလို အပူရှပ်သေဆုံးသူ ၃ ဦးရှိခဲ့ပြီး အပူ​ရှောင်​စခန်းတွေနဲ့ အပူ​သက်​သာ​စေ​ရေးအခမဲ့​ရေချိုးစခန်းတွေကိုလည်း ဖွင့်လှစ်​​ပေးခဲ့ရပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
Up