အပူပိုင်းမုန်တိုင်း

October 20, 2018

အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းကျနိုင်

အပူပိုင်း မုန်တိုင်းငယ်ဟာ မြိတ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၂၁၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းတွေမှာ မိုးသက်လေပြင်း ကျနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၃၀ လောက်၊ မြန်မာနိုင်ငံ၊ မြိတ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၂၁၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ အဲဒီ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီနေ့ ညပိုင်းမှာ ပရာချရက်ခိရီခန်မြို့နားကနေ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မွန်းလွဲကနေ နောက် ၂၄ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက် ရှိနိုင်ပါတယ်။
3 years Ago

August 17, 2018

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသ မိုးရွာနိုင်

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဘက်ဘင်ကာ”ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ  ရှမ်းပြည်နယ်ကို စတင်ဖြတ်နေပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးစတင်ရွာသွန်းနေပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ ဂြိုဟ်တုတိုင်းတာချက်အရ မုန်တိုင်း “ဘက်ဘင်ကာ” အရှိန်ကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ  မိုးများရွာသွန်းနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ မကွေးတိုင်းဒေသကြီး ပခုက္ကူဘက်မှာ မိုးခေါင်နေတာ ၃လကြာလောက်ရှိနေပြီ ဖြစ်ပေမယ့် မကွေး၊ တောင်တွင်းကြီတို့ဘက်မှာတော့  မိုးရွာနေကာ မိုးမခေါင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီနေ့လည်း မိုးရိပ်တွေ့ပေမယ့်  မွန်းလွဲ၂ နာရီခွဲလောက်အထိတော့ မိုးမရွာသေးဘူးလို့ ပခုက္ကူအမတ် ဒေါ်ဇင်နီနီဝင်း က ပြောပါတယ်။ “မိုး ဖွဲဖွဲလေးတွေပဲ လေးငါးဆယ်မိနစ်ကျပြီးတော့ ပြီးသွားတာ မိုးကို မရွာတာ ကြာပြီ၊အခု လက်ရှိလည်း မရွာသေးဘူး။ မိုးအုံ့နေတယ်၊ ရွာမလားလို့ မျှော်နေတာ ခုထိတော့ မရွာသေးဘူး။ စောနက မိုးတွေ အုံ့ပြီး အခု နေပြန်ထွက်လာတယ်” မိုးလေဝသဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ကရင်ပြည်နယ်မှာ  ဒေသအလိုက်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာ ကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
Up