အပူဆုံးနှစ်

January 17, 2020

၂၀၁၉ သည် ဒုတိယမြောက်အပူဆုံးနှစ်ဟု ကမ္ဘာ့မိုးလေဝသဌာနပြော 

ကမ္ဘာ့အပူချိန်မှတ်တမ်းတွေကို စတင်မှတ်သားတဲ့အချိန်ကစပြီး ၂၀၁၉ ခုနှစ်ဟာ ဒုတိယမြောက် အပူဆုံးနှစ်ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသဌာန(WMO)က  ပြောပါတယ်။ အပူဒဏ်ဟာ ၂၀၂၀နဲ့ နောက်ပိုင်းနှစ်တွေမှာ သြစတြေးလျ တောမီးလိုမျိုး အစွန်းရောက် ရာသီဥတုအခြေအနေတွေဆီကို ပိုပြီး ဦးတည်သွားမယ့် အလားအလာ ရှိနေတယ်လို့လဲ (WMO)က ပြောပါတယ်။  နာဆာနဲ့ ဗြိတိန်မိုးလေဝသဌာနတို့အပါအဝင် အချက်အလက်ရင်းမြစ် အတော်များများကို စုစည်းတွက်ချက်ပြီး ရလာတဲ့ကိန်းဂဏန်းတွေကို ဂျီနီဗာအခြေစိုက် WMO က တွက်ချက် ဟောကိန်းထုတ် ထားတာပါ။  ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ စက်မှုထွန်းကားတဲ့ ခေတ် မတိုင်ခင် ခေတ်ကထက် ၁ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူနေပြီး ကမ္ဘာပေါ်က သက်ရှိတွေအတွက် အကြီးစား အပြောင်း အလဲဖြစ်အပြီး တကမ္ဘာလုံးက သဘောတူထားတဲ့ ကန့်သတ်ချက်ဆီ ရောက်ခါနီးပြီလို့ မှတ်တမ်း တွေက ပြထားပါတယ်။  ၂၀၁၅ ပါရီသဘောတူညီချက်အရ ကမ္ဘာကြီးပူနွေးမှုကို စက်မှုခေတ် မတိုင်ခင်က အပူ ချိန်ထက် ၁ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပြီး မပူအောင် ထိန်းချုပ် ကန့်သတ်ထားဖို့ အစိုးရတွေက သဘောတူ ထားပါတယ်။  တကယ်လို့ သတ်မှတ်အပူချိန်ထက် ပိုပူခဲ့ရင် အစွန်းရောက် အကျိုးဆက်တွေ ဖြစ်လာပြီး အာတိတ်ပင်လယ် ရေခဲ အများစုနဲ့ ကမ္ဘာ့ သန္တာကျောက်တန်းတွေ ကွယ်ပျောက်သွားလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။  ၂၀၁၈ သဘောတူညီချက်အသစ်အရ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးလာတာကို ရပ်ဖို့ မကြိုးစားရင် အပူချိန်ဟာ ၃ဒီဂရီကနေ ၅ဒီဂရီ ဆဲလ်စီးယပ်စ်ထိ တိုးလာနိုင်တယ်လို့ WMO က အစောပိုင်းမှာ ပြောထားပါတယ်။ မှတ်တမ်းအရ အပူဆုံးနှစ်အဖြစ် စံချိန်တင်ထားတာ ၂၀၁၆ ခုနှစ်ပါ။ စက်မှုခေတ် မတိုင်ခင်က အပူချိန်ထက် ၁ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုများပြီး အယ်လ်နီနို ရာသီဥတုဖြစ်စဉ်ကြောင့် ပူနွေးခဲ့တာလို့ WMO က ပြောပါတယ်။  လာမယ့် အနာဂတ်မှာ အရင်တုန်းက အယ်လ်နီနိုထက် ပိုပူနွေးတဲ့ ရာသီဥတု ဖြစ်စဉ်တွေကို အလွယ်တကူ မျှော်လင့်ထားနိုင်တယ်လို့ WMO က သိပ္ပံပညာရှင် အိုမာ ဘဒ်ဒိုအာက ပြောပါတယ်။
1 year Ago
Up