အပူချိန် စံချိန်တင်မြင့်တက်

November 30, 2020

ဩစတြေးလျ တောမီး ထိန်းချုပ်ရန် ကြိုးပမ်း၊ အပူချိန် စံချိန်တင်မြင့်တက်

စံချိန်တင် ပူပြင်းနေတဲ့ သြစတြေးလျနိုင်ငံ အစိတ်အပိုင်းတွေမှာ အပူချိန်က နိုဝင်ဘာ ၂၉ ရက်ထိ ဆက်လက် မြင့်တက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အာဏာပိုင်တွေကတော့ သီတင်းပတ် ၆ ပတ်ကြာ မထိန်းနိုင်အောင် လောင်နေတဲ့ တောမီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကွင်းစလန်ပြည်နယ် ဖရေဇာကျွန်းပေါ်မှာ တောမီးလောင် နေတာ အောက်တိုဘာလလယ်ကတည်းကပါ။ အခုတော့ ကျွန်းရဲ့ သုံးပုံတပုံ မီးလောင်ပြီးပါပြီ။ ကျွန်းဆီကို သွားတဲ့လမ်းကို နိုဝင်ဘာ ၂၇ ရက်မှာ အာဏာပိုင်တွေက ကန့်သတ်ခဲ့ပေမဲ့ ကျွန်းပေါ်မှာ နေထိုင်သူတွေအတွက် ဘေးကင်းရာရွှေ့ဖို့ အမိန့်ကိုတော့ မထုတ်ပြန်သေးပါဘူး။ ဆစ်ဒနီမြို့ရဲ့ ဗဟိုစီးပွားရေးခရိုင်ထဲမှာ အပူချိန်က နိုဝင်ဘာ ၂၈ မှ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်နေပြီး နယူးဆောက်သ်ဝေးပြည်နယ် အနောက်ပိုင်း၊ သြစတြေးလျ တောင်ပိုင်းနဲ့ ဗစ်တိုးရီးယားပြည်နယ် မြောက်ပိုင်းတွေမှာ အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်နား ကပ်နေပါတယ်။ ၅ ရက်ကနေ ၆ ရက်ထိ ကြာမယ့် အပူလှိုင်းဟာ နယူးဆောက်သ်ဝေးစ်ပြည်နယ် မြောက်ပိုင်းနဲ့ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်းတွေမှာ ဆက်ရှိနေမယ်လို့ မိုးလေဝသ ဗျူရိုက ဟောကိန်းထုတ်ထားပါတယ်။
5 months Ago
Up