ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟန့်တားရေး အသွားအလာ ကန့်သတ်ထားချိန်မှာ ပြည်သူတွေ အိမ်ကနေ ထွက်ချိန် လုံခြုံရေးပြဿနာ ကင်းကင်းရှင်းရှင်း ရှိစေဖို့ လက်ကိုင်ဖုန်း အပလီကေးရှင်း တရပ်ကို ရုရှား ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိလိုက်ပါတယ်။
အပလီကေးရှင်း သုံးစွဲသူတွေဟာ သူတို့ရဲ့ နိုင်ငံကူး လက်မှတ်ပါ အချက်အလက် အသေးစိတ်ကို ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံတပုံနဲ့ မှတ်ပုံတင် စာရင်းသွင်းရမှာပါ။
အိမ်ပြင်ထွက် အမှိုက်သွန်တာ၊ ခွေးကျောင်းထွက်တာ၊ ဆေးရုံသွားတာ၊ အလုပ်သွားတာနဲ့ တယောက်ယောက်ကို စောင့်ရှောက်ဖို့တို့အတွက် အပြင်ထွက်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တောင်းဆိုခဲ့ရင် ပြသဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ သုံးစွဲသူတွေကို အာဏာပိုင်တွေက ခြေရာခံလိုက်နိုင်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်နေပါတယ်။
ဒီမိုဘိုင်း အပလီကေးရှင်းဟာ စမ်းသပ်ဖို့ ပုံစံထုတ်ထားပြီး မဖြစ်မနေ သုံးရမှာမျိုးတော့ မဟုတ်ဘူးလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကပ်ဘေးအတွင်း တချို့ လုပ်ဆောင်ချက်တွေက နားလည်ပေးနိုင်ပေမယ့် အကြီးဆုံး အကြောက်တရားက ကပ်ဘေးအဆုံးသတ်ချိန် ပြန်မရုပ်သိမ်းမှာကိုပဲလို့ ရုရှားနိုင်ငံတွင်း အင်တာနက် လွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ ရော့စ်ကွန်စ်ဗို ဘိုဒါအဖွဲ့က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ရုရှားနိုင်ငံထဲမှာ ဧပြီ ၁၂ ရက်တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရသူ ၂၁၈၆ ယောက် ရှိခဲ့လို့ တရက်အတွင်း အမြင့်ဆုံး ကူးစက်နှုန်းတိုးတာလည်း ဖြစ်လာပါတယ်။
ရုရှားနိုင်ငံအတွင်း ဒီနေ့ညနေပိုင်းအထိ ကိုရိုနာ ကူးစက်ခံရသူ ၁၈၃၂၈ ဦးနဲ့ သေဆုံးသူ ၁၄၈ ဦး ရှိသွားပြီလို့ သိရပါတယ်။
11 months Ago