အပန်းဖြေစခန်းများပိတ်

A d v e r t i s e m e n t With Us

December 23, 2020

တောင်ကိုရီးယားတွင် အပန်းဖြေစခန်းအားလုံး ပိတ်ရန် အမိန့်ထုတ်

တောင်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဟန့်တားရေးအတွက် နိုင်ငံတွင်းက ဆောင်းရာသီ ကမ္ဘာလှည့်ခရီးသည် အပန်းဖြေစခန်းတွေ အားလုံးနဲ့ နှင်းလျှောစီး အပန်းဖြေစခန်းတွေ အားလုံးကို ပိတ်ဖို့ အစိုးရက ဒီဇင်ဘာ ၂၂ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။ လူဦးရေ သိပ်သည်းတဲ့ မြို့တော်အတွင်း ကူးစက်မှု ထိန်းချုပ်ဖို့ စိန်ခေါ်မှု ပိုများနေတာကို တတိယမြောက် ကူးစက်မှုလှိုင်းက သက်သေပြနေခဲ့တာပါ။  နှစ်သစ်ကူးရာသီချိန်မှာ လူကြိုက်များတဲ့ အပန်းဖြေစခန်းတွေကို ဒီဇင်ဘာ ၂၄ ကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ အစိုးရက ပိတ်ထားမှာပါ။  လူ ၄ ယောက်ထက် ပိုစုဝေးတာကို ခွင့်ပြုမှာမဟုတ်ဘဲ စားသောက်ဆိုင်တွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို ပိုတင်းတင်းကျပ်ကျပ်ချမှတ်မှာ ဖြစ်ပါတယ်။ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေ အတွင်း လူ ၄ ယောက်ထက် ပိုစုတာကို တားမြစ်ပိတ်ပင်အပြီး ခုလို ကြေညာချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် အစိုးရက အာရှရဲ့ လေးနိုင်ငံမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ တောင်ကိုရီးယားမှာ မဖြစ်မနေ အသွားအလာ ကန့်သတ်တဲ့ လူချင်းခွာနေရမယ့် စည်းမျဉ်းတွေထဲမှာ အတင်းကျပ်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၃ စီမံချက်ကို ချမှတ်ခဲ့ပါတယ်။ တနင်္လာ သန်းခေါင်မှာ တရက်တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ ၈၆၉ ယောက် ရှိခဲ့တယ်လို့ ကိုရီးယားရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။  ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ စုစုပေါင်းအနေနဲ့ ကူးစက်ခံ ၅၁,၄၆၀ နဲ့ ကူးစက်ခံ သေဆုံးသူ ၇၂၂ ယောက် ရှိနေပါတယ်။
2 months Ago
Up