အပန်းဖြေစခန်းကိစ္စ

October 29, 2019

ကမ်ဂန်အပန်းဖြေစခန်းကိစ္စ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းမှု ပြယုဂ်ဖြစ်တဲ့ ကမ်ဂန် အပန်းဖြေစခန်းကို မြောက်ကိုရီးယားအစိုးရက ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆွေးနွေးဖို့ အဆိုပြုခဲ့တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ကမ်ဂန်တောင်ဒေသကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သွားရောက်ကြည့်ရှုချိန်မှတော့ ကမ်ဂန်တောင် အပန်းဖြေစခန်းက တောင်ကိုရီးယား အဆောက်အအုံတွေကို ဖယ်ရှားဖို့နဲ့ မြောက်ကိုရီးယား နည်းလမ်းအတိုင်း ပြန်ပြင်ဆောက်လုပ်ဖို့ မှာကြားခဲ့ပါတယ်။ ကေဆောင် စီးပွားရေးဇုန်နဲ့ တွဲလျက်တည်ရှိတဲ့ ကမ်ဂန်တောင် အပန်းဖြေစခန်းဟာ ကိုရီးယားနှစ်နိုင်ငံအကြား အဓိကစီးပွားရေး စီမံကိန်းနှစ်ခုထဲက တခုဖြစ်ပြီး ရှားရှားပါးပါး နှစ်နိုင်ငံအကြား ပူးပေါင်းရေး ပြယုဂ်လည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစလို့ မြောက်ကိုရီးယားအစိုးရဟာ ကမ်ဂန်တောင် ဒေသဆီကို တောင်ကိုရီးယားနိုင်ငံသားတွေကို ပင်လယ်ရေကြောင်းကနေ လာရောက် လည်ပတ်ခွင့်ပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ ကုန်းတွင်းပိုင်းကနေ လာရောက်ခွင့်ပြုခဲ့ပါတယ်။ ကမ်ဂန်တောင် အပန်းဖြေစခန်း ခရီးသွားကဏ္ဍမှာတော့ တောင်ကိုရီးယား ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ကန့်သတ်နယ်မြေမှန်းမသိဘဲ ဝင်ရောက်လာခဲ့တဲ့ တောင်ကိုရီးယား ခရီးသွားတယောက်ကို မြောက်ကိုရီးယားစစ်သားက ပစ်သတ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်ကစလို့ တောင်ကိုရီးယားဟာ ကမ်ဂန်တောင်ဒေသဆီကို ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပါတယ်။
2 years Ago
Up