အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဟာ အားလပ်ရက် အပန်းဖြေသူတွေအတွက် ကောင်းကင်ဘုံဖြစ်ပေမယ့် ဒေသခံ ကလေးတွေအတွက် အရှင်လတ်လတ်ကျတဲ့ ငရဲခန်းလို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။
ကလေးတွေနဲ့ လိင်ဆက်ဆံရတာ ပျော်မွေ့သူတွေကြောင့် ဒေသခံ ကလေးတွေဟာ လိင်ပိုင်းဖျက်ဆီးမှုခံရမယ့်ဘေးနဲ့ ရင်ဆိုင်နေရလို့ သူတို့ကိုကာကွယ်ဖို့ ပိုတင်းကျပ်တဲ့ ဥပဒေကို အာဏာတည်အောင် လုပ်ပေးဖို့လည်း ဆော်သြလိုက်ကြပါတယ်။
သြစတြေးလျနိုင်ငံသား သံသယရှိသူ ရောဘတ် အန်ဒရူး ဖစ်ဒဲ့စ် အဲလစ်ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး အနည်းဆုံး ၁၁ ဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အဲလစ်ကို ဒီနှစ် ဇန်နဝါရီက ဖမ်းခဲ့ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ရင်ဆိုင်ရမှာပါ။
ဘာလီရဲတွေကတော့ ဒီအမှုနဲ့ပတ်သက်တဲ့ နောက်ထပ် သံသယရှိသူတွေကို အမှုဖော်နေဆဲလို့ ပြောပါတယ်။
သူတို့ ဘယ်နိုင်ငံသားတွေဖြစ်တယ် ဆိုတာတော့ မပြောပါဘူး။
ဈေးထဲမှာ အထမ်းသမလုပ်နေတဲ့ ဒေသခံ မိန်းကလေးတွေကတော့ အဝတ်အစားတွေ လက်ခံရရှိခဲ့ပေမယ့် သံသယရှိသူကပေးတဲ့ ဆေးတွေကို ငြင်းခဲ့တယ်လို့ ပြောပါတယ်။
အဓမ္မပြုကျင့်မှုတွေကို မတိုင်ကြားဘဲ နေလေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လိင်ပိုင်း အလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်တဲ့ တရားဝင် သတင်းအချက်အလက်က ရှားပါတယ်။
အမျိုးသမီးဘဝ မြှင့်တင်ရေးနဲ့ ကလေးကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒေသခံ ဘာလီ ဥပဒေအာဏာတည်စေရေး အဖွဲ့တွေနဲ့အတူ အလုပ်လုပ်နေပြီး ကလေးတွေ အလွဲသုံးစားလုပ်ခံရတဲ့ နေရာတွေကို ဖော်ထုတ်နေပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ ပညာရေး ကင်းမဲ့တာတွေဟာ ကလေးတွေ အလွဲသုံးစား အလုပ်ခံရမှုကို ဦးတည်စေတဲ့ အဓိကအချက်တွေလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လူဦးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကလေးခန့်မှန်းခြေ ၄ သောင်းကနေ ၇ သောင်းထိဟာ လိင်ပိုင်းအလွဲသုံးစား လုပ်ခံရတဲ့ ဓားစာခံတွေဖြစ်တယ်လို့ နယ်သာလန်အခြေစိုက် ကလေးကာကွယ်ရေးအဖွဲ့ တီဒီအိတ်ခ်ျက ပြောပါတယ်။
အဓိကနေရာတွေကတော့ ဘာလီ၊ လွန်ဘုတ်နဲ့ ဘာတမ်ဒေသတွေဟာ ကလေးတွေအတွက် ဘေးမြင့်တဲ့ နေရာတွေလို့ တီဒီအိတ်ခ်ျက ပြောခဲ့ပါတယ်။
5 years Ago