အပန်းဖြေသရဲအိမ်ကြီးထဲ ဝင်ခဲ့သည့် အမျိုးသား သတိလစ်မေ့မြောပြီး သေဆုံး

September 18, 2017

အပန်းဖြေသရဲအိမ်ကြီးထဲ ဝင်ခဲ့သည့် အမျိုးသား သတိလစ်မေ့မြောပြီး သေဆုံး

ဟောင်ကောင်မှာ အမျိုးသားတဦးဟာ အပန်းဖြေ သရဲအိမ်ကြီးတအိမ်ထဲကို ဝင်ရောက်ချိန်မှာ သတိလစ်မေ့မြောပြီး သေဆုံးသွားခဲ့လို့ အဲဒီအပန်းဖြေဥယျာဉ်ကို ပိတ်ထားခဲ့ရကြောင်း ဘီဘီစီသတင်းမှာ စက်တင်ဘာ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ အိုးရှန်းပါ့ခ် အပန်းဖြေဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သရဲအိမ်ကြီးကတော့ လာမယ့် ဟောလိုးဝင်းပွဲတော်ရာသီ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားခဲ့တာပါ။ အိမ်ကြီးထဲမှာ လူသေအလောင်းနဲ့ ခေါင်းတလားတွေကို ထိတ်လန့်ကြောက်မက်ဖွယ် အပြင်အဆင်နဲ့ ထားရှိခဲ့တာဖြစ်ပြီး ချောင်လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ အိမ်အတွင်းဝင်ရောက်ချိန်မှာ အချိန် ၅ မိနစ်လောက် သတိလစ်မေ့မြောသွားခဲ့တဲ့အတွက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတာပါ။ ဆေးရုံရောက်ပြီး နောက်ပိုင်းမှာတော့ သူဟာ သေဆုံးသွားခဲ့တယ်လို့ ရဲတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။ အပန်းဖြေဥယျာဉ် တာဝန်ရှိသူတွေကတော့ အဲဒီအမျိုးသားဟာ သရဲအိမ်ကြီးတွင်း ကန့်သတ်ထားတဲ့ ဧရိယာတွေထဲကို စူးစမ်းသွားခဲ့ပုံပေါ်တယ်လို့ ပြောပါတယ်။ ချောင်ဟာ လာမယ့် ဟောလိုးဝင်းပွဲတော်ရာသီ အထိမ်းအမှတ် ဖွင့်လှစ်တဲ့ ဒီသရဲအိမ်ကြီးထဲ ပထမဆုံးလာရောက်တဲ့ ဧည့်သည်အုပ်စုထဲမှဖြစ်ပြီး လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပန်းဖြေဥယျာဉ်ကိုတော့ အကြောင်းရင်းတစုံတရာ မသိရမချင်း လောလောဆယ် ဖွင့်လှစ်နိုင်ဦးမှာ မဟုတ်ဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။
4 years Ago
Up