အပန်းဖြေစခန်း

A d v e r t i s e m e n t With Us

April 9, 2019

သမ္မတထရမ့်၏ အပန်းဖြေစခန်းထဲ ဝင်ရောက်ခဲ့သည့် တရုတ်အမျိုးသမီးအား ဆက်လက်ထိန်းသိမ်းထားမည်

အမေရိကန်သမ္မတ ထရမ့်ရဲ့ ဖလော်ရီဒါ အပန်းဖြေစခန်းထဲ လှည့်ဖျားဝင်ရောက်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံရတဲ့ တရုတ်အမျိုးသမီးဟာ အနည်းဆုံး နောက်သီတင်းတပတ် ဆက်လက် ထိန်းသိမ်းခံရမယ်လို့ ဖက်ဒရယ်တရားသူကြီးက ဧပြီ ၈ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းယွီကျင်းဆိုသူ အမျိုးသမီးဟာ မာရာလာဂိုကလပ်ကို လာရောက်တာနဲ့ ပတ်သက်လို့ ရှေ့နောက်မညီတဲ့ အကြောင်းပြချက်တွေ ပြောခဲ့ပြီးနောက် ဖမ်းဆီးခံရပါတယ်။ အဲဒီအချိန် သမ္မတ ထရမ့်ဟာ ကလပ်ကို လာရောက်နေပြီး ကလပ်လုံခြုံရေးမှာ စိုးရိမ်စရာတွေ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက မစ္စကျန်းဟာ သူလာရောက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ စုံစမ်းရေးမှူးတွေကို လိမ်လည်ခဲ့တယ်လို့ စွပ်စွဲပြီး သူ့ကို ယုံကြည်လို့မရကြောင်း တရားသူကြီးကို ပြောခဲ့ပါတယ်။ မစ္စကျန်းရဲ့ ဟိုတယ်ခန်းကို ဝင်ရောက်ရှာဖွေရာမှာတော့ ဖွက်ထားတဲ့ ကင်မရာတွေကို ရှာနိုင်တဲ့ ကိရိယာတခု၊ ဆဲလ်ဖုန်းဆင်းမ်ကတ် ၅ ခုနဲ့ ငွေသား ဒေါ်လာ ၈,၀၀၀ တွေ့ရှိခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
2 years Ago

April 4, 2019

အပန်းဖြေစခန်းထဲ တရုတ်သူလျှို ဝင်ရောက်သည့်အပေါ် မစိုးရိမ်ဟု သမ္မတ ထရမ့် ပြော

ဖလော်ရီဒါ မာရာလာဂို အပန်းဖြေစခန်းကို တရုတ်သူလျှို ဝင်ရောက်တာနဲ့ပတ်သက်လို့ မစိုးရိမ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဧပြီ ၂ ရက်နေ့က သမ္မတ ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး ဝင်လာတဲ့ တရုတ်အမျိုးသမီးတဦးကို ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမ္မတ ထရမ့်က စိုးရိမ်တာ လုံးဝမဖြစ်ဘူးလို့ ပြောကြားပြီး အပန်းဖြေစခန်း ဧည့်ကြိုစာရေး အမျိုးသမီးနဲ့ ထောက်လှမ်းရေးအဖွဲ့ကို ချီးကျူးခဲ့ပါတယ်။ အပန်းဖြေစခန်းထဲ ဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးဟာ ကျန်းယွီကျင်းဆိုသူဖြစ်ပြီး သူဟာ တရုတ် နိုင်ငံကူးလက်မှတ်နှစ်ခု ကိုင်ဆောင်ထားပါတယ်။ ဖမ်းမိချိန်မှာ သူနဲ့အတူ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ မန်မိုရီစတစ်တခုကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ကြပါတယ်။ သူသယ်ဆောင်လာတဲ့ မန်မိုရီစတစ်ထဲမှာ ကွန်ပျူတာနဲ့ ဆာဗာတွေကို ထိခိုက်စေတဲ့ malware  ပါရှိတယ်လို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
2 years Ago

သမ္မတထရမ့်၏ အပန်းဖြေစခန်းထဲ ဝင်ရောက်လာသည့် တရုတ်အမျိုးသမီးတဦးအား ဖမ်းဆီး

အဖျက်အမှောင့်ဆော့ဖ်ဝဲကို ဝှက်စာနဲ့ ရေးထည့်ထားတဲ့ မန်မိုရီစတစ်တခုနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေစခန်းထဲက လုံခြုံရေး စစ်ဆေးရေးစခန်းတွေကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးတဦးကို လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ကန့်သတ်ပိုင်နက်ကို ဝင်ရောက်မှုနဲ့ အရာရှိတွေကို အမှားတွေ ပြောခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခဲ့တာလို့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း တရားရုံးအမှုတွဲက ဖော်ပြပါတယ်။ တရုတ်နိုင်ငံသူ ကျန်းယွီကျင်းဟာ သူ့ဓာတ်ပုံနဲ့ တရုတ်နိုင်ငံကူးလက်မှတ်နှစ်ခု လုပ်ထားခဲ့ပြီး ရေကူးကန်ဆီ သွားချင်တယ်လို့ ပြောခဲ့တာပါ။ အပန်းဖြေစခန်းထဲ လာခွင့်ရှိသူ စာရင်းထဲမှာ သူ့နာမည်ကို လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက အစောပိုင်းမှာ ရှာမတွေ့ခဲ့ပါဘူး။ ကျန်းဆိုတဲ့ နာမည်ရှင် အမျိုးသားတဦးက ကလပ်အဖွဲ့ဝင် ဖြစ်နေတယ်လို့ ကလပ်မန်နေဂျာက ပြောပါတယ်။ အဲဒီအမျိုးသားက ဖခင်လားလို့ မေးရာမှာ ကျန်းယွီကျင်းက ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါဘူး။ အဖွဲ့ဝင်ရဲ့ ဆွေမျိုးဆိုတဲ့ ယူဆချက်နဲ့ အပန်းဖြေစခန်းဆိုင်ရာ အရာရှိတွေက သူ့ကို ဝင်ခွင့်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ တရုတ် အမေရိကန်အသင်းလို့ခေါ်တဲ့ အုပ်စုကလုပ်တဲ့ပွဲတခု တက်ဖို့ လာတာလို့ ကျန်းက ပြောပေမယ့် အဲဒီပွဲ မရှိတာကို အပန်းဖြေစခန်းက ဝန်ထမ်းက တွေ့ခဲ့တာပါ။ ဒါကြောင့် ဧည့်ကြိုတယောက်က လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်ကို ဆက်သွယ်ပြီး ကျန်းမှာ ဝင်ခွင့် တရားဝင်အထောက်အထား မရှိတဲ့အကြောင်း ကောက်ချက်ချ ပြောဆိုခဲ့တယ်လို့ အမှုတွဲက ဖော်ပြပါတယ်။ ကျန်းကို ဖမ်းအပြီး သူ့မှာ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ မန်မိုရီစတစ်တခုကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ကြပါတယ်။ မန်မိုရီစတစ်ကို ကနဦး စစ်ဆေးချက်အရ အဖျက်အမှောက် ဆော့ဖ်ဝဲလ်တခု ပါနေတယ်လို့ လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဝန်ကြီးဌာန ပြောခွင့်ရက မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
2 years Ago
More News
Up