အပစ်ခံရ

September 28, 2021

ပဲခူးမြို့တွင် ရာအိမ်မှူးတစ်ဦး လက်ပစ်ဗုံးဖြင့် အပစ်ခံရ

ပဲခူးမြို့ အင်းဝင်ရပ်ကွက်မှာ စက်တင်ဘာ ၂၇ ညနေပိုင်းက ဒလန်သတင်းပေးဆိုပြီး လူသိများတဲ့ ရာအိမ်မှူးတစ်ဦး  လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့ သိရပါတယ်။

အင်းဝင် ၁၃ လမ်းနေ ရာအိမ်မှူး ဦးသက်ဦးဟာ နေအိမ်အတွင်း ညနေ ၄ နာရီလောက် အမည်မသိအဖွဲ့က လာရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခြေထောက် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “သက်ဦးက ဒလန် လို့တော့ နာမည်ထွက်နေတယ်။ ညနေက လက်ပစ်ဗုံးနဲ့ လာပစ်သွားတာ၊ အိမ်ထဲထိမရောက်ဘူး ရေကပြင်နားမှာ ပေါက်သွားတယ်။ သူကတော့ ပေါင်မှာ ဗုံးစမှန်လို့ ဆေးရုံခေါ်သွားပြီ” လို့ ပြောပါတယ်။

ဗုံးနဲ့အပစ်ခံရသူ ဦးသက်ဦးဟာ ရပ်ကွက်အတွင်းနေထိုင်တဲ့ လူငယ်တွေကို ဖမ်းဆီးဖို့ လက်ထောက်ချနေသူတဦးဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်မှာ  စက်တင်ဘာ ၂၃ နေ့ကလည်း ကိုစည်သူကောင်းမြတ်နဲ့ သူ့ ဖခင်ဟာ ရပ်ကွက်ရာအိမ်မှူး ဒလန်တစ်ယောက်ရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

3 weeks Ago
Up