အပစ်အခတ်ရပ်စဲရေး

June 14, 2019

အပစ်အခတ်ရပ်စဲရေး ထိရောက်အောင်မြင်မှ မိုင်းလုံးဝကင်းရှင်းအောင် လုပ်နိုင်မည်

=တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲမှု ထိရောက်အောင်မြင်ပြီးဆုံးမှ မိုင်းလုံးဝကင်းရှင်းအောင် လုပ်နိုင်မယ်လို့ KNU/KNLA(PC) ဗိုလ်မှူး စောအောင်ကျော်က ပြောပါတယ်။ ကရင်ပြည်နယ် ကျုံထော်ဒေသ မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့အပေါ် ဇွန် ၁၃ ရက် မနက်ပိုင်းက ဘားအံမြို့၊ GABBANA ဟိုတယ်မှာပြုလုပ်တဲ့ ဒဿမအကြိမ် မိုင်းအန္တရာယ် အသိပညာလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။ KNU/KNLA(PC)၊ အမှတ် ၂ စစ်ဗျူဟာ၊ ၇၀၈ တပ်ရင်း၊ ဗိုလ်မှူး စောအောင်ကျော်က “တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲမှု ထိထိရောက်ရောက်အောင်မြင်စွာ ပြီးဆုံးသွားမယ်ဆိုရင် ဒီမိုင်းတွေကိုတော့ လုံးဝအားလုံးကင်းရှင်းအောင် လုပ်နိုင်မယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင်က “မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကော်မတီအစည်းအဝေးကို ၃ လတကြိမ်ကျင်းပသွားမှာဖြစ်ပြီး အဆင်ပြေတဲ့အချိန်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်လို့ ယခုလို ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပေးကြပါ” လို့ ပြောပါတယ်။ ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက “IDP campက ညီအစ်ကိုမောင်နှမတွေလည်း သူတို့ရဲ့စိုက်ပျိုးမွေးမြူရေး၊ မိဘဘိုးဘွားပိုင်တဲ့ ဥယျာဉ်နဲ့ခြံမြေတွေမှာ လုပ်ကိုင်စားသောက်နိုင်ဖို့ အစိုးရအဖွဲ့နဲ့ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်လိမ့်မယ်” လို့ ပြောပါတယ်။   ၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့သလို မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ကျေးရွာပေါင်း ၃၀ လောက် အိမ်ထောင်စု ၈၇၀ စု၊ လူဦးရေ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာ ဒီနေ့တိုင် ခိုလှုံနေကြရပါတယ်။ နိုင်ငံတော်အစိုးရက ကရင်ပြည်နယ်အတွင်း မိုင်းထိလူနာတဦးကို ကျပ် ၂ သိန်းထောက်ပံ့ပေးသလို အကြောင်းအမျိုးမျိုးနဲ့ မသန်စွမ်းသူတဦးကို ကျပ် ၁ သိန်းစီ၊ လူဦးရေ ၅ ထောင်နီးပါးကို ကျပ် သိန်းပေါင်း ၅ ထောင်နီးပါး ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ HI အဖွဲ့က VAC center မုန်းမြို့၊ သံတောင်ကြီး၊ ကော့ကရိတ်မြို့တွေမှာ မသန်စွမ်းသူ ၂၀၀ ဦးလောက်ကို အသေးစားခြေတုလက်တုပြင်ဆင်ခြင်း၊ အားပြုကိရိယာအသုံးပြုသူ ၁၄၀ ကျော်၊ အခြားဌာနတွေကို ချိတ်ဆက်လမ်းညွှန်ပေးခဲ့သူ ၅၅ ဦးကို ကူညီထောက်ပံ့ပေးခဲ့သလို့ အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ အသေးစားဝင်ငွေရလုပ်ငန်းတွေ ထူထောင်ပေးနိုင်ခဲ့ပါတယ်။ ရဲမင်းခေါင်
2 years Ago

January 19, 2019

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထုတ်ပြန်ချက် အပိုဒ် ၅၊ ၆၊ ၇ ကိုလေးစားရန် တပ်မတော်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ထုတ်ပြန်ချက်ပါ အပိုဒ် ၅၊ ၆၊ ၇ ကို လေးစားဖို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ၊ AA နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောတာပါ။ အပိုဒ် ၅ က သဘောတူစာချူပ်တွေကို ကတိတည်ဖို့၊  ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြတ်မထုတ်ဖို့ ဒေသခံပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ဖြစ်ပါတယ်။ အပိုဒ် ၆ ကတော့ တိုင်းရင်းသားလိုက်နက်ကိုင်အချင်းချင်း အပြန်အလှန်အင်အားသုံး တိုက်ခိုက်တာ၊ ဒေသခံတိုင်းရင်သားတွေအပေါ် အနိုင်ကျင့်တာ မပြုလုပ်ဖို့ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မယ်လို့ ဆိုပါတယ်။ အပိုဒ် ၇ မှာ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာလည်းကောင်း၊ လမ်းပန်းဆက်သွယ်မှူ လုံခြုံချောမွေ့စေရေးမှာလည်းကောင်း၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်းနဲ့ အကျိုးစီးပွားတွေကိုလည်းကောင်း ထိခိုက်မှု မဖြစ်စေရေး တာဝန်ယူရမယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီ ၅ ၆ ၇ ပါ ဖြစ်စဉ်တွေ ဖြစ်လာရင် တပ်မတော်က လိုအပ်သလို တားဆီးဆောင်ရွက်မယ်လို့လည်း အဲ့ဒီ့ကြေငြာချက် အပိုဒ် ၈ မှာ ဖော်ပြထားပါတယ်။ အဲ့ဒီအချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လေးစားလိုက်နာဖို့နဲ့ တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးမြောက်စေဖို့အတွက် သန္နိဋ္ဌာန်ချထားတာနဲ့အညီ သန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီးတော့ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ စစ်ဆင်ရေး လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီကို လိုလားပြီးတော့ တိုင်းပြည်စည်းလုံး ညီညွတ်စွာနဲ့ ဖွံ့ဖြိုးတိုးတက်တာကို လိုလားလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ လိုအပ်ပြီးတော့ တပ်မတော်ဘက်ကလည်း လိုအပ်တဲ့ ကူညီတွေပေးသွားမယ်လို့ ဆိုပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်တဲ့ ကာလမှာတော့ နားလည်မှုလွဲမှားစေတဲ့ ကိစ္စတွေကို ရှေ့တန်းတင်တာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို မလုပ်ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
3 years Ago
More News
Up