အနန္တ

May 18, 2018

ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ‘အနန္တ’အမည်ရ သိပ္ပံရုပ်ရှင်ကား (နမူနာကြည့်ရန်)

    အနုပညာ၊ ရုပ်ရှင်လောကမှာ အသစ်သစ်တွေကို စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေအတွက် ဒါရိုက်တာ ညိုမင်းလွင်က “အနန္တ-Ananda” လို့ အမည်ရှိတဲ့ အချိန် ၃ မိနစ်ခွဲကြာတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားတကားရဲ့ Trailer ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဒီနေ့မနက်က တင်ထားပေးခဲ့ပါတယ်။ “အနန္တ-Ananda” ရုပ်ရှင်ဇာတ်ကားကို ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ကာ၊ CGI အထူးပြုလုပ်ချက်တွေအတွက် အချိန်နှစ်နှစ်ယူပြီး ဖန်တီးခဲ့ရတယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ “ကျနော်တို့ မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတခုကို ပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှမစဉ်းစားဘဲ ရိုက်ရက်ပေါင်း ဂျူတီ ခုနစ်ဆယ်အထိ ရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကို အချိန် ၂ နှစ်ကျော် ဖန်တီးခဲ့တဲ့ ဇာတ်ကားတခု ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။ ဆက်လက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ဟောလိဝုဒ်ဇာတ်ကားတွေထဲက CGI၊ VFX အထူးပြုလုပ်ချက်တွေနဲ့ ယဉ်ပါးနေတာကြာခဲ့ပြီး၊ အဲဒီဇာတ်ကားတွေနဲ့ “အနန္တ-Ananda” ရဲ့ CGI ၊ VFX အထူးပြုလုပ်ချက်တွေကိုတော့ မယှဉ်နိုင်တာ မထူးဆန်းဘူးလို့လည်း ပြောပါတယ်။ “ဟောလိဝုဒ်ဇာတ်ကားတွေရဲ့ CGI တွေ၊ VFX တွေဟာ လူပေါင်းများစွာကို ကျနော်တို့ လက်ထဲမှာ တခါမှ မကိုင်ဖူးတဲ့ ဒေါ်လာ သန်းပေါင်းများစွာပေးပြီး အဆင့်မြင့်ကွန်ပျူတာပေါင်းများစွာနဲ့ နာရီပေါင်းများစွာ ဖန်တီးလို့ ကျနော်တို့ ကြည့်ကြရတဲ့ ၂ နာရီစာ ရုပ်ရှင်တကား ဖြစ်လာတာပါ။ အချိန်၊ လူအင်အား၊ ဘတ်ဂျက်အင်အားက ဟောလိဝုဒ်ထက် နည်းပါးစွာနဲ့ လုပ်ခဲ့ရတဲ့ “အနန္တ-Ananda” ဟာ ဒီလောက်ကောင်းလိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့မိပါဘူး” လို့ ဆိုပါတယ်။ “အနန္တ-Ananda” သိပ္ပံရုပ်ရှင်ဇာတ်ကားဟာဆိုရင် မြန်မာ့ရုပ်ရှင်လောကရဲ့ ပြောင်းလဲမှုကို လိုအပ်နေတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာနိုင်မှာလား၊ ဘယ်လိုဝေဖန်မှုတွေ ရှိလာနိုင်မလဲဆိုတာကိုတော့ အားလုံးက ထပ်မံစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ “အနန္တ-Ananda” ရုပ်ရှင်ဇာတ်ကားထဲမျာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ စိုးရန်အောင်၊ နန်းဆုဦး၊ ဧကရီမှုးပိုင်၊ နန်းထိုက်အောင်နဲ့ သက်ထားဝေဇင် အပြင် တခြားသရုပ်ဆောင်တွေကလည်း အားဖြည့်ကူညီ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကြယ်စု
4 years Ago
Up