အနှေးယာဉ်

A d v e r t i s e m e n t With Us

April 20, 2020

အငှားယာဉ်နှင့် အနှေးယာဉ် လုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေနဲ့ အနှေးယာဉ်လုပ်သားတွေဟာ စားဝတ်နေရေး ကျပ်တည်းလာပြီး ရောဂါကူးစက်ခံရမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားခဲ့တာကြောင့် ရန်ကုန်မြို့က ခရီးသည်အပေါ် အမှီပြု ပြေးဆွဲနေရတဲ့ အငှားယာဉ်မောင်းတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ အနှေးယာဉ်လုပ်သားတွေ စားဝတ်နေရေး ခက်ခဲလာတာပါ။ ရန်ကုန်မြို့မှာ ခရီးသည်တွေ အပြင်မထွက်တော့တာကြောင့် အငှားယာဉ်တော်တော်များများ ရပ်နားခဲ့ရသလို ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် ယာဉ်တွေမှာ ကျန်းမာရေး ကာကွယ်မှုတွေပါ လုပ်ထားရတယ်လို့ အငှားယာဉ်မောင်း ကိုသီဟက ပြောပါတယ်။ အနှေးယာဉ်တွေကို စီးနှင်းမယ့်ခရီးသည်တွေအနေနဲ့ နှာခေါင်းစည်း Mask တပ်စီးတာ ရှိသလို လက်ဆေးစင်တွေမှာ လက်ဆေးပြီးမှ စီးနင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်ကစပြီး ပြည်သူတွေ ကြောက်လန့်နေတဲ့အပေါ် ဈေးဝယ်တဲ့အချိန်သာ အပြင်ထွက်တာကြောင့် ခရီးသည်အပေါ် မှီခိုနေရတဲ့ အနှေးယာဉ်လုပ်သားတွေအတွက် စားဝတ်နေရေး ခက်ခဲလာတယ်လို့လည်း သာကေတ ၉ ရပ်ကွက်နေ ယာဉ်မောင်း ဦးစန်းယုက ပြောပါတယ်။ ခရီးသည်အမီပြုလုပ်ကိုင်နေရတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအနေနဲ့ ရောဂါဖြစ်ပွားချိန် လွန်ခဲ့တဲ့ ၁ လ‌လောက်ကစပြီး ဝင်ငွေကျဆင်းခဲ့သလို ရေရှည်ရင်ဆိုင်ရမယ်ဆိုရင်တော့ အလုပ်လက်မဲ့ဖြစ်လာလိမ့်မယ်လို့ ဆိုင်ကယ်ရီသမားတဦးက ပြောပါတယ်။ လက်တလောဖြစ်ပွားနေတဲ့ ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရကနေ ဧပြီ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မလိုအပ်ဘဲအပြင်မထွက်ဖို့ ညွှန်ကြားခဲ့တာပါ။  မြန်မာနိုင်ငံမှာ COVID-19 ကူး စက်ခံရသူဟာ ဧပြီလ ၁၉ရက်နေ့အထိ လူဦးရေ ၁၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၅ ဦး နဲ့ ပြန်လည်သက်သာလာသူ ၇ ဦးရှိပါတယ်။
11 months Ago
Up