အန်အယ်လ်ဒီ အနိုင်ရ

November 9, 2020

ဘားအံတွင် ဝန်ကြီးချုပ်အပါအဝင် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းများ အနိုင်ရ

ကရင်ပြည်နယ်၊ မြို့တော်ဘားအံမှာ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ မဲအများစုနဲ့ အနိုင်ရတယ်လို့ ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ညနေ ၃ နာရီက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ ကနေ ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီး ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ဒုတိယမဲအများဆုံး ရရှိခဲ့ကြတာပါ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ဟာ ရပ်ကွက် ကျေးရွာပေါင်း ၅၀ အုပ်စုရှိပြီး  မဲရုံပေါင်း ၁၁၅ ရုံမှာ ရွေးကောက်ပွဲကျင်းပခဲ့တာမှာ မဲအရေအတွက် ၅၇,၀၀၀ ကျော်နဲ့ မဲအများဆုံးရရှိအနိုင်ရတာပါ။ ဒုတိယမဲအများဆုံးဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်သစ်ပါတီက ဒေါ်စေးအွာက မဲအရေအတွက် ၁၃၀၀၀ ကျော်ရရှိခဲ့ပါတယ်။ ဘားအံမြို့နယ်မှာ မဲပေးပိုင်းခွင့်ရှိသူ ၃၆၀,၀၀၀ ကျော်ရှိပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၃၀ ဖွင့်လှစ်ပြီး နိုင်ငံရေး ပါတီ ၁၂ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အယောက် ၇၀ ဝင်ပြိုင်ခဲ့ကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခဲ့တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်‌ဟောင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago

ရွှေဘိုတွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှာ မဲရေတွက်ပြီးစီးသမျှ ရလဒ်အရ လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရနေတယ်လို့ ရွှေဘိုမြို့နယ် အန်အယ်လ်ဒီ အောင်နိုင်ရေးရုံးက သိရပါတယ်။ လက်ရှိအခြေအနေထိ ရွှေဘိုမှာ ကျေးရွာအုပ်စု ၇၈ စုအနက် အုပ်စု ၇၀ စာရင်း မဲအရေအတွက်ရ ရှိထားပြီး အမျိုးသားလွှတ်တော်အတွက် အန်အယ်လ်ဒီက ၁၁၅၇၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီက ၂၀၃၂၅ မဲ၊ ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီ ပါတီက ၁၁၃၅၀၈ မဲ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁၉၉၇၇ မဲ ရရှိထားတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ၁ မှာ အန်အယ်လ်ဒီပါတီက ၄၃၇၁၇ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ၉၇၆၆ မဲ၊ တိုင်းဒေသကြီးလွှတ်တော် ၂ မှာ အန်အယ်လ်ဒီ ပါတီက ၆၈၃၃၁ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၇၄၃ မဲ  အသီးသီး ရရှိထားတယ်လို့ ရွှေဘိုမြို့နယ်အောင်နိုင်ရေးအဖွဲ့ က သိရတယ်။
1 year Ago

ကွမ်းခြံကုန်းတွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ကွမ်းခြံကုန်းမြို့နယ်မှာ မဲရုံပေါင်း ၁၈၀ ရုံအနက် ၁၇၇ ရုံမှာ အနိုင်ရရှိခဲ့ပေမယ့် ကြခတ်ကျေးရွာ၊ အင်္ဂပူကျေးရွာနဲ့ တော်ကေးကျေးရွာက မဲရုံ ၃ ရုံမှာတော့ ရှုံးနိမ့်ခဲ့တယ်လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ ၉၈ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့တာပါ။ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲကတည်းက ရှုံးနိမ့်ခဲ့တဲ့ ကန့်မလာကျေးရွာမဲရုံမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ကျေးရွာအလိုက် မဲရလဒ်တွေကို မဲရေတွက်ပြီးချိန်ကစလို့ မြို့နယ်ပါတီရုံးရှေ့ ပရိုဂျက်တာနဲ့ ပြသခဲ့ပြီး လူအများအပြား လာရောက်‌စောင့်ကြည့်ခဲ့ပါတယ်။ မြို့နယ်ရဲ့ မဲရလဒ်အသေးစိတ်ကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ကိုယ်စားလှယ်လောင်းတွေ အတည်ပြုလက်မှတ်ထိုးပြီးမှ ထုတ်ပြန်မယ်လို့ သိရပါတယ်။ သတင်း - လွင်မိုးအောင်
1 year Ago

မချမ်း‌ဘောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်  အန်အယ်လ်ဒီ အနိုင်ရ  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်း‌ဘောမြို့နယ် ပြည်သူ့လွတ်တော်နေရာမှာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်လောင်း  ဦးအဂျောန်လှအောင်က အနိုင်ရရှိသွားပါတယ်။ ဦးအဂျောန်လှအောင်ဟာ မချမ်းဘောမြို့နယ် နမ်ခမ်ရွာဇာတိဖြစ်ပြီး   ဒီကနေ့ ကျင်းပတဲ့  ၂၀၂၀ ရွေးကောက်ပွဲမှာ ပူတာအိုခရိုင်အတွင်း  ပထမဆုံး အန်အယ်လ်ဒီ လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦး  အနိုင်ရရှိတာ ဖြစ်ပါတယ်။ တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။    ဖေနောင်းအောင်(ပူတာအို)
1 year Ago
More News
Up