အန်အယ်လ်ဒီအလံလွှင့်ထူ

A d v e r t i s e m e n t With Us

January 25, 2021

ချီဖွေမြို့ နေအိမ်အချို့တွင် အစိုးရအဖွဲ့သစ် ထောက်ခံကြောင်း အန်အယ်လ်ဒီပါတီအလံလွှင့်ထူ

ကချင်ပြည်နယ် ချီဖွေမြို့မှာ မကြာခင်ဖွဲ့စည်းမယ့် အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့‌ နေအိမ်အချို့မှာ ပါတီအလံတွေ လွှင်ထူခဲ့ကြတယ်လို့ သိရပါတယ်။

မြို့ပေါ်ရစ်လော်ရပ်ကွက်ဒေသခံတဦးက “လက်ရှိအစိုးရလုပ်ခဲ့တာကို ပြန်ကြည့်ရင်ပြုပြင်ပြောင်းလဲခဲ့တာတွေ အရမ်းအားရပြီး၊ ပြည်သူတွေ ရွေးချယ်လို့ တက်သွားတဲ့ အမေစုဦးဆောင်မဲ့ အစိုးရအဖွဲ့‌ အသစ်ကိုလည်း ရွေးချယ်ပြီးသွားပြီလို့ ကြားသိရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာကြိုဆိုဝန်းရံချင်လို့ အလံလွှင့်ထူခဲ့တာ” လို့ ပြောပါတယ်။

ချီဖွေမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒေါင်နောက “ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်မြင့်မားလာကာ လိုလိုလားလားနဲ့ အခုလို ထောက်ခံအားပေးတာကို ကြိုဆိုသလို ပါတီအတွက်ရော ပြည်သူတွေအတွက်ပါ ၀မ်းသာဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။ ချီဖွေမြို့နယ်မှာ အရင်က ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေသခံပါတီတွေကသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာမှ ပြည်နယ်လွှတ်တော်နေရာအတွက် လူငယ်အမျိုးသမီးလည်းဖြစ်တဲ့ ဒေါ်ဒေါင်နောက ပထမဦးဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇုန်းကျန်း CJ

1 month Ago

မအူပင်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရသစ်ကို ပါတီအလံများ လွှင့်ထူထောက်ခံ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရသစ်ကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် နေရာအနှံ့မှာ အန်အယ်လ်ဒီပါတီအလံတွေ လွှင့်ထူခဲ့ကြတယ်လို့ သိရပါတယ်။

မအူပင်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေ၊ ဈေးဆိုင်တွေရဲ့ရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံထောင်တာတွေ ဆိုက်ကား၊ ဆိုင်ကယ်နဲ့ ကား စတဲ့ ယာဉ်တွေမှာ အလံတွေတပ်ဆင်ပြီး ထောက်ခံကြိုဆိုခဲ့ကြတာပါ။

မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာမှ ဆိုင်ကယ်ကယ်ရီပို့ဆောင်သူ ကိုမြဝင်းက “ကျွဲဒုံးကျေးရွာ ဆိုင်ကယ်ယာဉ်မောင်းတွေကလည်း ဒီကနေ့ ဆိုင်ကယ်ကယ်ရီမောင်းနှင် ပို့ဆောင်မှုအတွက် ကျွဲဒုံးကျေးရွာက ခရီးသွားပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ကို ထောက်ခံတဲ့အနေနဲ့ အခမဲ့လိုရာခရီးကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်” လို့  ပြောပါတယ်။

ဒါပြင် မအူပင်မြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက လက်ဖက်ရည်ဆိုင်နဲ့ ခေါက်ဆွဲဆိုင်တွေမှာ စတုဒိသာ ကျွေးမွေးတာတွေနဲ့ ဆိုင်ကယ်ကယ်ရီနဲ့ အဌားကား Taxi တွေကလည်း အခမဲ့ ခရီးသည် ပို့ဆောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကို ထောက်ခံ ကြိုဆိုခဲ့ကြသူတွေကတော့ ခုလိုလုပ်တာဟာ မည်သူတစ်ဦးတယောက်ကမှ ခိုင်းစေတာမျိုး မဟုတ်ဘဲ မိမိတို့အနေနဲ့ အစိုးရသစ်အား ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်တာလို့ ပြောဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြ၊ ဝါးခယ်မနဲ့ ပန်းတနော်မြို့တွေမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိကြောင်း၊ မဲမသမာမှုတွေနဲ့ ဖွဲ့စည်းမယ့်အစိုးရ အလို မရှိကြောင်း  ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း(မအူပင်)

1 month Ago
Up