အန်အယ်လ်ဒီထောက်ခံသူ

May 28, 2022

မဟာအောင်မြေမြို့နယ်၌ အန်အယ်လ်ဒီထောက်ခံသူ ၁ ဦးကို သွေးသောက်အဖွဲ့က သတ်ဖြတ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်မှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးသူ ကိုလင်းကိုနိုင်ရဲ့နေအိမ်ကို မေလ ၂၆ ရက် ည ၈ နာရီလောက်က  သွေးသောက်အဖွဲ့က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီး မနက်မှာအလောင်းလာ ပစ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားသူ ကိုလင်းကိုနိုင်ဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး သူ့ရဲ့ရုပ်အလောင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်  ၂၆ လမ်း ၂၇လမ်းကြား ၅၄လမ်းဘေးမှာ မေလ ၂၇ ရက် မနက် ၇ နာရီလောက်က  သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

"အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အဒေါ်ဖြစ်သူက မဖမ်းဖို့တောင်းပန်တာကို ပါးတွေရိုက်ပြီး ခြေထောက်တွေနဲ့ ကန်သွားတယ်တဲ့။ ဒီနေ့ မနက်ရောက်တေ့ာ အလောင်းကို ချမ်းအေးသာစံ မြို့နယ်ထဲမှာ လာပစ် သွားတယ်။ နဖူးမှာ သေနတ်ကျည်ရာတွေနဲ့ ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုလင်းကိုနိုင်ကို  သွေးသောက်လူသတ်အကြမ်းဖက်အဖွဲ့က ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

သွေးသောက်အဖွဲ့ဟာ မန္တလေးနဲ့ ရန်ကုန်မှာ လူသတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့ဖြစ်ပြီး အန်အယ်လ်ဒီပါတီဝင်တွေ၊ ထောက်ခံဝန်းရံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ သွေးသောက်အဖွဲ့ဟာ သူတို့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ မဟုတ်ဘူးလို့ ပြောနေပေမဲ့ အဆိုပါ လူသတ်မှုတွေကို ဖမ်းဆီးအရေးယူတာလည်း တကြိမ်မှ မရှိပါဘူး။ 

4 months Ago

November 24, 2021

ခင်ဦးမြို့နယ်တွင် အန်အယ်လ်ဒီထောက်ခံသူသည့် တောင်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီထောက်ခံတဲ့  အပြစ်မဲ့ တောင်သူ   ၇ ယောက်ကို  နိုဝင်ဘာ ၂၄ ရက် မနက်မှာ   စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေ့သူတွေထံက သိရပါတယ်။

“လယ်တောသွားကြည့်ရင်း လာဖမ်းခံရတာ။ ဘာလို့ အဖမ်းခံရတာလဲဆိုတော့ ကျနော်သိရ သလောက်တော့ အရင်က အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေတော့ ဟုတ်တယ်ဗျ။ အခုဟာက သူတို့ အေးအေးဆေးဆေးဘဲ၊ တောင်သူလုပ်ငန်း လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေဘဲရယ်။ ဘယ်အဖွဲ့အစည်းမှ ပါဝင်ပက်သက်ခြင်း မရှိဘူး။ ပြောစရာဆိုလို့ အရင်က အန်အယ်လ်ဒီ ပါတီထောက်ခံမဲ ပေးခဲ့တာပဲရှိတယ်”လို့ လယ်တောနီးချင်းတစ်ဦးကပြောပါတယ်။

အဆိုပါ ပျဉ်ထောင်ကျေးရွာဟာ ပျူစောထီးကြီးစိုးတဲ့ကျေးရွာဖြစ်ကာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်ပါတယ်။

စစ်တပ်သတင်းပေးပျူစောထီးတွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေးရ မတည့်တဲ့ ရွာသားတွေကို  PDF လို့စွပ်စွဲပြီး စစ်တပ်ကိုသတင်းပေးဖမ်းခိုင်းတာကြောင့်  ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီ ထောက်ခံသူ ၁၅ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုဆိုရင် ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံခဲ့တဲ့ ဒေသခံတွေဟာ ပျူစောထီးရန်ကို ကြောက်ရတာကြောင့် နေအိမ်ကနေရှောင်ပုန်းနေကြရပါတယ်။

11 months Ago
More News
Up