အန်အယ်လ်ဒီ

November 8, 2021

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပြည်သူနှင့်အတူဆက်ကြိုးပမ်းမည်ဟု အန်အယ်လ်ဒီ ကြေညာ

ပြည်သူတွေရဲ့ အခွင့်အာဏာကို ပြည်သူတွေဆီ ပြန်လည်အပ်နှံနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်အောက်က အပြီးတိုင် လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ပြည်သူလူထုနဲ့အတူ တာဝန်ကျေကျေ ဆက်လက်ထမ်း ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ကတိပေးကြေညာပါတယ်။

နိုဝင်ဘာ ၈ ရက် ဒီနေ့  ကျရောက်တဲ့ အထွေထွေရွေးကောက်ပွဲ ၁ နှစ်ပြည့် သဘောထားကြေညာချက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော် ရွေးကောက်တင်မြှောက်ခံရတာအတွက် ပြည်သူတရပ်လုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဟာဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ တတိယအကြိမ်လွှတ်တော် တက်ရောက်ဖို့ ဆောင်ရွက်နေတုန်း စစ်ခေါင်းဆောင်တစုက မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို ဥပဒေမဲ့ လုယူခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

မဲစာရင်းမှားယွင်းတယ်လို့ ယူဆရင် ဥပဒေ နည်းဥပဒေတွေအရ ကန့်ကွက်လွှာတင်သွင်းပြီး ဥပဒေနဲ့အညီ တရားမျှတမှုရအောင် လုပ်နိုင်ပေမဲ့ စစ်ခေါင်းဆောင်တစုဟာ ပြည်သူတွေ တခဲနက် ထောက်ခံ ဆန္ဒပြုခဲ့တာကို လျစ်လျူရှုတည်ဆဲဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက် စစ်အာဏာသိမ်းတာကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ အန်အယ်လ်ဒီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ၊ အဖွဲ့ချုပ်ကို ဝန်းရံအားပေးခဲ့သူတွေနဲ့ နိုင်ငံတဝန်းက စစ်အာဏာရှင်ကို မလိုလားတဲ့ ရဟန်းရှင်လူပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ အဖွဲ့ချုပ်ရုံးတွေ၊ ပါတီဝင်အိမ်တွေကို ၊ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဒီနေ့ထိ ထိပါးနှောင့်ယှက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီအနှစ်သာရကို ကောင်းကောင်းသိပြီး ချစ်မြတ်နိုးတဲ့ ပြည်သူတရပ်လုံးဟာ စစ်အာဏာသိမ်းတာကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်နေတာကိုလည်း အန်အယ်လ်ဒီက ကောင်းစွာသိရှိပြီး အထူးလေးစား အားထားတယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ရာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉၂၀ နေရာ ရာခိုင်နှုန်းအားဖြင့် ၈၂  ရာခိုင်နှုန်းကျော် အနိုင်ရရှိပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

4 weeks Ago

October 21, 2021

အန်အယ်လ်ဒီပါတီ ထားဝယ်ခရိုင်ရုံး ဗုံးခွဲဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ  (ထားဝယ်ခရိုင်) ရုံးကို အောက်တိုဘာ ၂၁ ရက် မနက်အစောပိုင်းက  ဗုံးဖောက်ခွဲခံရလို့   အဆောက်အဦ ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''မနက် ၂ နာရီ ၂၂မိနစ်မှာ ပေါက်ကွဲအသံအကျယ်ကြီး ကြားရလို့  အိပ်ရာကလန့်နိုးလာရာ၊ အဲ့မှာ  စစ်သား ၆ ယောက်က သေနတ်ကိုင်ပြီး အန်အယ်လ်ဒီရုံးရှေ့ သွားလိုက်ပြန်လိုက် လမ်းလျှောက်နေတာမြင်ရတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အုံတခုလုံး ပြိုကျပျက်စီးတဲ့အပြင် အနီးအနားရှိ နေအိမ် ၅ အိမ်လောက်လည်း ပေါက်ကွဲမှုဒဏ်ကြောင့် တချို့တဝက်ပျက်စီးသွားပါတယ်။

ဗုံးကွဲချိန်ဟာ လူတွေအိမ်နေချိန်ဖြစ်ပြီး အန်အယ်လ်ဒီရုံးအနားမှာ စစ်သားတွေကလွဲလို့ တခြားသူ မရှိကြောင်းနဲ့ အဆောက်အဦတခုလုံး ပြိုကျပျက်စီးသွားအောင် စနစ်တကျ စီစဉ်ဖောက်ခွဲခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အန်အယ်လ်ဒီရုံး နေရာတဝိုက်မှာ ယူနီဖောင်းဝတ် ရဲနဲ့ စစ်သားတွေ၊ ပျူစောထီးတွေ ခြေရှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“၂၀ ရက်နေ့ ညနေပိုင်းလောက်ကနေစပြီး ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်အိမ်နဲ့ အန်အယ်လ်ဒီရုံးနား ကင်းပုံးတွေချထားပြီး စောင့်နေကြတာ” လို့ ရပ်ကွက်နေပြည်သူ တယောက်က ပြောပါတယ်။ 

ဒီမနက် ၈ နာရီလောက်မှာတော့ အဆိုပါဗုံးပေါက်ကွဲခဲ့တဲ့ နေရာအနီးအနားက CCTV ရုပ်သံမှတ်တမ်းတွေကို စစ်ကောင်စီတပ်တွေက လာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒါဟာ ပြစ်မှုမပေါ်လွင်အောင် သက်သေအထောက်ထားတွေ  အစဖျောက်ဖို့ သူတို့လုပ်နေတာ” လို့ ရပ်ကွက်နေဒေသခံက ပြောပါတယ်။

မြိတ်မြို့ တပ်ပြင်ရပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ (မြိတ်ခရိုင်) ရုံးအတွင်း မှာလည်း အောက်တိုဘာ ၂၀ ရက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

1 month Ago
More News
Up