အန်ဖီးလ်ကွင်းထဲမှာ အသင်းပရိသတ်တွေကို ပြန်လည်မြင်တွေ့ခဲ့ရတဲ့အပေါ်မှာ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကတော်တော်လေး ကျေနပ်ပီတီဖြစ်နေပါတယ်။
ဝုဗ်နဲ့ပွဲမှာ ကွင်းထဲမှာ ပရိသတ် အယောက် ၂၀၀၀ လောက်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ဒီပွဲမှာ လီဗာပူး အသင်းက ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
ဆာလက်က အဖွင့်ဂိုးကို ၂၄ မိနစ်မှာ သွင်းယူခဲ့ပြီး ဝီနယ်ဒမ်နဲ့ မာတစ်တို့က ဒုတိယပိုင်းမှာ ဂိုးတွေ အသီးသီးသွင်းယူခဲ့ကာ အပိတ်ဂိုးကိုတော့ ဆီမီဒိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ခြင်းကနေ ရရှိခဲ့ပါတယ်။
အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်ကျေနပ်နေတဲ့ ကလော့ပ်က ဒီလိုမျိုးအနိုင်ရရှိခဲ့မှုမှာ ပရိသတ်တွေက ပေးတဲ့ အန်ဖီးလ်ဆိုတဲ့ အငွေ့အသက်တွေလည်း ပါဝင်နေတယ်လို့ပြောပါတယ်။
“ပွဲရလဒ်နဲ့ ကွင်းရဲ့အနေအထားက တကယ်ကိုကောင်းပါတယ်။ ကျနော် အေးခဲသွားသလို ခံစားရပါတယ်။ သူတို့ 'You'll Never Walk Alone' သီချင်းကို စဆို လိုက်ချိန်မှာ ဒီခံစားချက်ဟာ အရမ်းကောင်းပါတယ်။ ဒီလိုကောင်းတဲ့ခံစားချက်မျိုးကို အရင်ကမသိခဲ့ပါဘူး” လို့ ကလော့ပ်က ပွဲအပြီးမှာပြောပါတယ်။
“ပရိသတ်တွေပေးတဲ့ခံစားချက်က အရမ်းကို ကောင်းမွန်လွန်းတာကြောင့် ကျနော့် ဂုဏ်ပြုစကားဟာ လုံလောက်မှု ရှိရဲ့လားတော့ မသိပါဘူး။ အရမ်းကိုကောင်းမွန်တဲ့ ညတစ်ညပဲ မဟုတ်လား။ ဝုဗ်အသင်းရဲ့အခြေအနေကြောင့် ကျနော်တို့ ပွဲမစခင်မှာ စိန်ခေါ်မှုတချို့ရှိခဲ့ပါတယ်။ သူတို့ကို ဘယ်လိုဖိအားပေးကစားရမလဲဆိုတဲ့အပေါ် ကျနော့်ကောင်လေးတွေကို ပြောပြခဲ့ပြီး သူတို့ဟာလည်း ဒါကို အကောင်းဆုံးလုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒါဟာဝုဗ်အသင်း နဲ့ပတ်သက်လို့ အကောင်းဆုံးရလဒ်ပါ” လို့ ကလော့ပ်က ပြောပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို လူငယ်ဂိုးသမား ကယ်လီဟာက တာဝန်ယူခဲ့ပြီး အထင်ကြီးဖွယ် clean sheet ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဒုတိယဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကလည်း အန်ဖီးလ်ကွင်းထဲမှာ ပရိသတ်တွေကို ပြန်လည်မြင်တွေ့ခဲ့ရမှုနဲ့ပတ်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။
“တကယ့်ကိုမိုက်ပါတယ်။ ပရိသတ်တွေကို ကွင်းထဲပြန်ဝင်ခွင့်ပြုခဲ့ပြီဆိုကတည်းက စိတ်လှုပ်ရှားခဲ့ရတာပါ။ သူတို့ကို ပြန်မြင်ရတာက တကယ်ကို ကောင်းတဲ့ခံစားမှုပါပဲ။ အရင်တုန်းက ကျနော်တို့အတွက် အားပေးမှုဟာ အရန်ခုံတန်း တခုပဲ ရှိနေခဲ့တာကြောင့် ပွဲအတွင်း ပရိသတ်တွေရဲ့ ချီးကျူးမှုဟာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။”
2 years Ago