အန်တိုနီ ဘလင်ကင်

May 5, 2021

မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်စပ်လုပ်ကိုင်နေသည့်နိုင်ငံများ ပြန်စဉ်းစားရန် G7 တိုက်တွန်း

မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်‌လုပ်ကိုင်နေတဲ့ နိုင်ငံတွေအားလုံး ပြန်စဉ်းစားချင့်ချိန်ကြဖို့ G7 စက်မှုထိပ်သီးနိုင်ငံတွေက တိုက်တွန်းလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ပြောပါတယ်။

G7 မိတ်ဖက်နိုင်ငံတွေအနေနဲ့ မြန်မာပြည်က စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချရာမှာနဲ့  ဒီမိုကရေစီလမ်းကြောင်းဆီပြန်သွားရေး စစ်တပ်ကို တိုက်တွန်းဖို့ရာမှာပါ တညီတညွတ်တည်းရှိကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့ တာဝန်ယူတာဝန်ခံမှုရှိဖို့  ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးဘလင့်ကင်က သူ့ရဲ့တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ G7 စက်မူထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီး‌ အစည်းအဝေးအတွက် လန်ဒန်ကိုရောက်ရှိနေပြီး မြန်မာနိုင်ငံအရေးအတွက် ဆွေးနွေးမှုတွေ တိုက်တွန်းတောင်းဆိုမှုတွေ  ဆက်တိုက်ထုတ်ပြန်နေခဲ့တာဖြစ်ပါတယ်။

Photo Credit

7 months Ago

April 8, 2021

မြန်မာပြည်သူတို့၏ ရဲရင့်မှုအတွက်ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သင်္ကြန်သဝဏ်လွှာပို့

 မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုအတွက်ချီးကျူးတဲ့အကြောင်းနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် အခိုင်အမာထောက်ခံအားပေးနေမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။ 

၂၀၂၁ ခုနှစ်၊ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယအထိမ်းအမှတ်  ဒီကနေ့ ဧပြီ ၈ နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်သဝဏ်လွှာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အမေရိကန်ပြည်ထောင်စုကိုယ်စား  ပြောထားတာပါ။

“သင်္ကြန်ဆိုသည်မှာ အဟောင်းတို့ကို ဆေးကြော၍ အသစ်တို့တဖန် ပြန်လည်စတင်မွေးဖွားသော အခါသမယဖြစ်သည်။ မြန်မာပြည်သူများအတွက် အဓွန့်ရှည်တည်တံ့သော ကောင်းခြင်းမင်္ဂလာများနှင့် ငြိမ်းချမ်းမှုများ နှစ်သစ်တွင်ဆောင်ကြဉ်းပေးလာပါစေကြောင်း၊ ယခုကဲ့သို့ အခက်အခဲကာလတွင် အမေရိကန်ပြည်ထောင်စုက ရိုးသားစွာမျှော်လင့်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ မြန်မာပြည်သူတို့ တစိုက်မတ်မတ် ပြသလာနေခဲ့သော ရဲရင့်မှုတို့အတွက် မိမိတို့ချီးကျူးပါသည်။”လို့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ  စစ်အာဏာရှင်ရဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတို့ကို ရင်ဆိုင်ပြီး သူတို့ရဲ့အသံကို ကမ္ဘာကကြားသိအောင်ဖော်ပြခဲ့ကြတယ်။ ဒီအခက်အခဲအကြပ်အတည်းကို ကျော်ဖြတ်နိုင်ရေး၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုအောင်မြင်ရေးတို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် အခိုင်အမာထောက်ခံအားပေးနေမယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Photo Credit- GOV

8 months Ago
Up