အင်တာမီလန်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိအောင် ကူညီပေးခဲ့ပြီးနောက် တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်သုံးဖော်ဖြစ်တဲ့ မဆင်ဂရင်းဝုဒ်၊ မားကပ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီယိုမာရှယ်တို့ကို ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လူကာကူရဲ့ အင်တာမီလန်အသင်းနဲ့ တွေ့ဆုံဖို့ သတင်းကြီးခဲ့ပေမယ့် ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
လူကာကူရဲ့ အင်တာမီလန်အသင်းကတော့ ရှက်တာအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဖိုင်နယ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဒီပွဲမှာ လူကာကူက ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်ကနေ မန်ယူနိုက်တက်အသင်း ထွက်ခွာခဲ့ရခြင်းနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးက “ယူနိုက်တက်အသင်းက အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ သူတို့အတွက် တကယ်ကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နည်းပြနဲ့ ကစားသမားတွေအားလုံး အကောင်းဆုံး ကြိုးစားခဲ့တာပါ။ သူတို့မှာ ကြောက်စရာကောင်းတဲ့ တိုက်စစ်ကစားသမား ၃ ဦးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ နောက်ရာသီ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်ဆိုတာ ကျနော် လုံးဝသံသယမရှိပါဘူး” လို့ ပြောပါတယ်။
ရှက်တာအသင်းကို ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ လူကာကူရဲ့ သွင်းဂိုးဟာ ၃၃ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ အသင်းသစ်နဲ့ ပထမရာသီမှာတင် စံချိန်သစ်တွေ ဖန်တီးနိုင်နေတာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းကို အနိုင်ကစားဖို့ကိုပဲ စဉ်းစားနေတယ်လို့ လူကာကူက ပြောပါတယ်။
“ဒီအချိန်မှာ အရာအားလုံးက အဆင်ပြေနေပေမယ့် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ စံချိန်တွေဆိုတာ တစ်ချိန်ချိန်မှာ ချိုးဖြတ်ခံရမှာဖြစ်ပြီးတော့ ကျနော်တို့ အနိုင်ရလဒ်ကိုပဲ လိုချင်ပါတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး၊ အနားယူကာ ထပ်မံယှဉ်ပြိုင်သွားမှာပါ။ အင်တာမီလန်ဟာ အသင်းလိုက် ကစားပုံကောင်းမွန်သလို ကစားသမားတိုင်းကလည်း အကောင်းဆုံးကြိုးစားနေပါတယ်။”
ဒီပွဲ အနိုင်ရလဒ်ကြောင့် အင်တာမီလန်အသင်းဟာ လာမယ့် ၂၂ ရက်မှာ ဆီဗီလာအသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago