အန်တိုနီဘလင်ကင်

February 12, 2021

တပ်မတော်အနေဖြင့် အာဏာစွန့်လွှတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

တပ်မတော်အနေနဲ့  အာဏာကိုစွန့်လွှတ်ပြီး  ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့  အမေရိကန်  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ 

မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်မီဒီယာအပေါ် ကန့်သတ်ထားမှုတွေကို ဖယ်ရှားပေးဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်ခြင်းမှ ရှောင်ရှားဖို့လည်း  ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်  တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါအဝင် တပ်မတော်ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်နဲ့ တပ်မတော်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီလုပ်ငန်းသုံးခုကိုလည်း  အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။ 

ဒါဟာ လက်ရှိနဲ့ အရင်တပ်မတော်အရာရှိတွေကို ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး  မြန်မာပြည်သူလူထု သို့မဟုတ် ပြည်သူလူထုရဲ့ စီပွားရေးကို ပစ်မှတ်ထားတာ မဟုတ်ကြောင်း မြန်မာပြည်သူလူထုရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲမဖြစ်ပေါ်စေဖို့ အသေအချာပြည်လည်သုံးသပ်ဆောင်ရွက်ခဲ့ကြောင်းလည်း နို်ငငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်ဟာ အာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပြီးဖြစ်လို့ အမေရိကန်အနေနဲ့  ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ကြောင်းနဲ့ အာဏာသိမ်းမှုဟာ နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြသခဲ့ကြတဲ့ မြန်မာနိုင်ငံသားတို့ရဲ့ ဆန္ဒကိုငြင်းပယ်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ 

တပ်မတော်ရဲ့လုပ်ရပ်တွေကို  ကမ္ဘာအနှံ့ရှိ မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေနဲ့အတူ ကန့်ကွက်ရှုတ်ချပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေ၊ လုပ်ငန်းခွင်မသွားဘဲသပိတ်မှောက်နေတဲ့ ဝန်ထမ်းတွေနဲ့အတူ  အမေရိကန်ပြည်ထောင်စုက ရပ်တည်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ တဝန်းမှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထူဆနန္ဒပြပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်း စစ်အစိုးရက  ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးမှုတွေလည်း ပိုမိုပြုလုပ်လာနေပါတယ်။

Photo-State Department

10 months Ago
Up