အန်ဆယ်လော့တီ

September 14, 2020

မြန်နှုန်းမြင့်တာလိုချင်ရင် ဂျိမ်းစ်အစား အူစိန်ဘော့ကို ခေါ်ခဲ့မှာပါ - အန်ဆယ်လော့တီ

ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ရဲ့ မြန်နှုန်းရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တချို့ ရှိနေတဲ့ အပေါ် လုံးဝစိုးရိမ်စိတ်မရှိဘူးလို့ အဲဗာတန်နည်းပြ ကားလို့အန်ဆယ်လော့တီက ပြောပါတယ်။  မြန်နှုန်းမြင့်တာကို လိုချင်တယ်ဆိုရင် ဘောလုံးသမားတွေအစား တာတိုအပြေးသမား အူစိန်ဘော့ကို ခေါ်ယူလိုက်မှာလို့လည်း  သူကပြောခဲ့ပါတယ်။  အဲဗာတန်နဲ့ပွဲဦးထွက်မှာ ရိုဒရီဂွတ်ဇ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက်အခွင့်အရေး  ၅ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းဟာ တိုက်စစ်မှူး ကယ်ဗတ်လီဝိန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်စဉ်တုန်းကတည်းက ရိုဒရီဂွတ်ဇ်နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ကိုလံဘီယာသားကို အဲဗာတန်အသင်းထံ ခေါ်ယူခဲ့ရာမှာလည်း အဓိကနေရာက  နေပါဝင်ခဲ့သူဖြစ်ပါတယ်။  ကစားသမားရဲ့ ပွဲဦးထွက်ခြေစွမ်းကို ကျေနပ်မိတယ်လို့ သူကပြောပါတယ်။  “ဘောလုံးကစားတတ်တဲ့ ကစားသမားတိုင်းဟာ အသားကျဖို့ အချိန်သိပ်ယူစရာမလိုပါဘူး။ ရိုဒရီဂွတ်ဇ်ဟာ သူဘာလုပ်ရမလဲဆိုတာကို နားလည်ထားပြီး အလန်နဲ့ ဒိုကူရေးတို့ဟာလည်း တူတူပါပဲ။ ကျနော်က သူတို့ရဲ့ အရည်အချင်းတွေ ထုတ်ပြဖို့ပဲ ပြောခဲ့တာဖြစ်ပြီး သူတို့ကလည်း ဒီအတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ ကွင်းလယ်မှာ ကောင်းမွန်တဲ့အစုအဖွဲ့တခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အရင်ရာသီတုန်းက ကျနော့်ကွင်းလယ်လူ  တွေဟာ ဘောလုံးနဲ့အတူဆိုရင် ပုံစံကောင်းရှိခဲ့ပေမယ့် ကျနော်တို့ဘောလုံးမရှိချိန်မှာလည်း ပုံစံကောင်းပြသနိုင်ဖို့ လိုပါတယ်” လို့ အဲဗာတန်နည်းပြက ပြောပါတယ်။  ကွင်းလယ်လူ ရိုဒရီဂွတ်ဇ်ဟာကမ္ဘာ့အမြန်ဆုံးကစားသမားမဟုတ်ပေမယ့် အရည်အသွေးတွေအများကြီးရှိတယ်လို အန်ဆယ်လော့တီက ပြောပါတယ်။ “ကျနော်တို့ သူ့ကို အရည်အသွေးတွေပြသတဲ့နေရာမှာ  အသုံးပြုမှာဖြစ်ပါတယ်။ သူဟာ တောင်ပံကစာသမားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အတွင်းထဲဝင် ကာ ဘောလုံးလက်ခံယူနိုင်ပါတယ်။ သူဟာ တကယ့်ကိုအန္တရာယ်ရှိတဲ့ကစားသမားဖြစ်ပါတယ်။ ကျနော် သူ့ရဲ့ ရုပ်ပိုင်းဆို်င်ရာ ကြံ့ခိုင်မှုအပေါ်မှာလည်း စိုးရိမ်မှုမရှိပါဘူး။ ဒီလိုသာစိုးရိမ်နေမယ်ဆိုရင် ကျနော် သူ့အစား အူစိန် ဘော့ကိုပဲ ခေါ်ခဲ့မှာ။” အန်ဆယ်လော့တီဟာ စပါးနဲ့ပွဲမှာပြသခဲ့တဲ့ အဲဗာတန်ရဲ့အသင်းလိုက်ခြေစွမ်းကို ကျေနပ်မှုတယ်လို့ ပြောဆိုလိုက်ပြီး ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီအဆင့် ၁၂ ထက်ပိုကောင်းတဲ့ အမှတ်ပေးဇယားအခြေအနေတခုကို ရရှိဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။ 
8 months Ago

September 9, 2020

ဂျိမ်းစ်ရိုဒရီဂွတ်ဇ်၏အပြောင်းအရွှေ့ကိစ္စ အန်ဆယ်လော့တီ အဓိကနေရာက ပါဝင်

အဲဗာတန်အသင်းကို ဂျိမ်းစ်ရိုဒရီဂွတ်ဇ် ပြောင်းရွှေ့ခဲ့မှုမှာ ဆရာဟောင်း အန်ဆယ်လော့တီက အရေးပါတဲ့နေရာက ပါဝင်ကြောင်း ကစားသမားရဲ့ အေးဂျင့်က ပြောပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်အသင်းရဲ့ ဖန်တီးရှင်ဟောင်းကို အကောင်းဆုံးပုံစံပြန်ရအောင် ဆောင်ရွက်ပေးနိုင်သူလို့လည်း အေးဂျင့်က ဆိုပါတယ်။  အဲဗာတန်အသင်းဘက်က ရိုဒရီဂွတ်ဇ်ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့  ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရိုဒရီဂွတ်ဇ်ဟာ အန်ဆယ်လော့တီနဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာ လက်တွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဇီဒန်းနဲ့ အဆင်မပြေတဲ့ ရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်အသင်းကို မပြောင်းခင်မှာ ဥရောပထိပ်သီးအသင်းတွေနဲ့ သတင်းထွက်ခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဗာတန်အသင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ ရိုဒီရီဂွတ်မတိုင်ခင် အဲဗာတန်အသင်းဟာ နာပိုလီကွင်းလယ်လူ အလန်ကိုလည်း ပေါင် ၂၅ သန်းနဲ့ ခေါ်ယူထားပါတယ်။ အလန်ဟာလည်း အန်ဆယ်လော့တီနဲ့ နာပိုလီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ရိုဒရီဂွတ်ဇ်လို ကစားသမားမျိုး အဲဗာတန်အသင်းကို ရောက်ရှိလာခဲ့တာဟာ အန်ဆယ်လော့တီကြောင့်လို့ သူ့ရဲ့အေးဂျင့်က ပြောပါတယ်။ ရိုဒရီဂွတ်ဇ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုရတ်ချီယန်က “ရိုဒရီဂွတ်ဇ်က စူပါစတားတစ်ယောက်ပါ။ သူဟာ အင်စတာဂရမ်မှာ follower ၄၇ သန်း ရှိပြီးတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်တို့လို ကလပ်အသင်းကြီးတွေမှာ ကစားခဲ့သူပါ။ ဒီအပြောင်းအရွှေ့မှာ အန်ဆယ်လော့တီက အဓိကနေရာကနေ ပါဝင်နေပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိအချိန်မှာ အတွေ့အကြုံရင့်ကျက်တဲ့  နာမည်ကျော်နည်းပြကို ရရှိထားတာ  ဖြစ်ပါတယ်။ အလန်နဲ့ ရိုဒရီဂွတ်ဇ်တို့လို ကစားသမားတွေဟာ အန်ဆယ်လော့တီနဲ့  လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး  သူတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဘယ်လို ထုတ်ယူရမလဲဆိုတာကို အန်ဆယ်လော့တီက ကောင်းကောင်းကြီးသိရှိထားပါတယ်” လို့  ပြောပါတယ်။ ရိုဒရီဂွတ်ဇ်ဟာ ရုပ်ပိုင်းဆိုင်ရာအရ ပုံစံကောင်းမှာရှိနေမယ်ဆိုရင် သူဟာ အဲဗာတန်အသင်းအတွက် အကျိုးများစေမယ့် ကစားသမားခေါ်ယူမှုဖြစ်လိမ့်မယ်လို့လည်း သူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
8 months Ago
Up