အန်စီအေလက်မှတ်ထိုး

A d v e r t i s e m e n t With Us

June 3, 2020

မိုင်းတုံမြို့နယ်၌ တပ်မတော်နှင့် အန်စီအေလက်မှတ်ထိုးထားသည့် RCSS/ SSA တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားဖယောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းလှုပ်ရှားစစ်ကြောင်းနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS(SSA) အဖွဲ့တို့ ဇွန်  ၃ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ "နားဖယောင်းရွာအနီးက တောင်ကုန်းတခုမှာ ယာယီစခန်းချထားတာကို လှုပ်ရှားစစ်ကြောင်း ကတွေ့ပြီး ရှင်းလင်းရာမှာ ထိတွေ့မှုဖြစ်ခဲ့တာပါ။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး'' လို့ တပ်မတော်သားတစ်ဦးက ပြောပါတယ်။ အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးကို ဆက်သွယ်ခဲ့ပေမယ့်  ဖုန်းဖြေကြားခြင်း မပြုခဲ့ပါဘူး။ မိုင်းတုံစစ်​ဗျူဟာအဖွဲ့ (အခြေချ)လက်အောက်ခံ နားကောင်းမူးအခြေစိုက် အမှတ်(၆၅) ခြေလျင်တပ်ရင်းနဲ့ ပုံပါကျင်အခြေစိုက် အမှတ်(၁၀၀၇)နယ်ခြားစောင့်တပ် ပူးပေါင်းပြီး နားကောင်းမူး ရွာအနောက်ဘက်မိုင်၂၀ ခန့်အကွာ လွယ်ချီလိတ်၊ မလူလာ၊ ယမ်းခမ်း၊ နားဖယောင်း ခွင်အတွင်း လှုပ်ရှားဆောင်ရွက်စဉ် RCSS/ SSA ယာယီစခန်းတစ်ခုကို တွေ့ရှိရာ ၂ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိုင်းတုံမြို့နယ်အတွင်း တပ်မတော်နဲ့ RCSS တပ်တို့ လွန်ခဲ့တဲ့ ၁ လခန့်ကလည်း မုံးအစ်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်သည်တစ်ဦးကျ ဆုံးခဲ့ပါတယ်။ ရှမ်းပြည်ညီညွတ်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ နိုင်ငံတော်အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA)ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။  တပ်မတော်က ဩဂုတ်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်မှာ ရှမ်းပြည်နယ်ထဲမှာရော ရခိုင်ပြည်နယ်ထဲမှာပါ တိုက်ပွဲတွေ မရပ်မနား ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သတင်း- အောင်ဇေယျ
9 months Ago
Up