အန်အယ်လ်ဒီအမတ်

August 28, 2018

အစိုးရ ပွင့်လင်းမြင်သာမှု အားနည်းနေဟု  အန်အယ်လ်ဒီအမတ် လွှတ်တော်တွင် ဝေဖန်

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အန်အယ်လ်ဒီလွှတ်တော်အမတ်က ဝေဖန် ပြောကြားလိုက်ပါတယ်။ ပြည်သူတွေအတွက် အစိုးရတာဝန် ရယူထားသူတွေ ဖြစ်လို့ အစိုးရအဖွဲ့ရဲ့ အခက်အခဲနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်နေမှုတွေကို ပြည်သူတွေအနေနဲ့ သိရှိခွင့်ရှိတဲ့အတွက်  အန်အယ်လ်ဒီ အစိုးရအနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ပွင့်ပွင်းလင်းလင်း ချပြဖို့ လိုအပ်နေပြီဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက ပြောပါတယ်။ သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုရမည်ဆိုရင် လက်ရှိ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေး စဉ်မှာ ဦးရွှေကိုက အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ “လိုအပ်တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပါပဲ။ ပြည်သူတွေကို ကျနော်တို့ ယခု တွေ့ကြုံနေရတဲ့ အခြေအနေတွေကို၊ ကျနော်တို့ လုပ်ကိုင်နေရတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ အစိုးရ ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းပါတယ်။ ကျနော်တို့  အခု တာဝန်ယူထားကြတယ်၊ လုပ်ကိုင်နေတယ်ဆိုတာ ပြည်သူအတွက်ပါ။ အဲတော့ ကျနော်တို့ ကြုံတွေ့နေရတာ၊ ကျနော်တို့ လုပ်ကိုင်နေတာတွေဟာ ပြည်သူတွေဟာ သိခွင့်ရှိပါတယ်။ ချပြဖို့ လိုပါတယ်” လို့ ဦးရွှေကိုက ဆိုပါတယ်။ ပွင့်လင်းမြင်သာမှု ရှိခြင်းဟာ သံသယကို အားနည်းစေပြီး ယုံကြည်နားလည်မှုကို တိုးစေတဲ့အတွက် အစိုးရနဲ့အတူ ပြည်သူတွေ ပူးပေါင်းပါဝင် လုပ်ဆောင်လာဖို့အတွက် ပွင့်လင်းမြင်သာမှုကို ကြိုးစား အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။ အစိုးရအနေနဲ့လည်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်မှ အကောင်အထည်ဖော်ဆောင်နိုင်မယ်လို့လည်း အစိုးရအဖွဲ့ အကြီးအကဲတွေက ထုတ်ဖော် ပြောဆိုထားပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။
3 years Ago

March 31, 2018

အန်အယ်လ်ဒီအမတ် ဦးပေါခင် ကွယ်လွန်

ရွေးကောက်ပွဲ ၃ ကြိမ်ဆက်အနိုင်ရခဲ့သူ အန်အယ်လ်ဒီအမတ် ဦးပေါခင် (ခ) ဦးသက်လွင်ဟာ ဒီနေ့မနက်က ကွယ်လွန်သွားပါတယ်။ နှလုံးနဲ့ပတ်သက်လို့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံနေရင်း ကွယ်လွန်သွားတာပါ။ ဦးပေါခင်ဟာ လက်ရှိမှာ မြင်းခြံမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပါတယ်။ မြင်းခြံမဲဆန္ဒနယ် ၁ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့က “သူက လွန်ခဲ့တဲ့ ၁ လခွဲ ၂ လလောက်ကတော့ နှလုံးသွေးကြောကျဉ်းလို့ ဆိုပြီး ချဲ့ထားတာတော့ ရှိတယ်။ အခုလည်း မန္တလေးဆေးရုံကြီးမှာ တက်နေရင်း ဆုံးတာပါ။ မနက်ဖြန် သင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။ ဦးပေါခင်ရဲ့ ရုပ်အလောင်းကို မြင်းခြံမြို့ကို ပြန်သယ်ယူပြီး အခုရောက်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။ ဦးပေါခင်ဟာ ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သလို မြင်းခြံမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရခဲ့သူတွေထဲက တယောက်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲကနေ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။
4 years Ago
More News
Up