အန်အယ်လ်ဒီအစိုးရ

May 17, 2017

နောက်ကြောင်းမပြန်ရေးမူဝါဒ၊ အန်အယ်လ်ဒီအစိုးရ တရားစွဲခံရခြင်းနှင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ

  ယခုတလော စိတ်ဝင်စားစရာ သတင်းနှစ်ခု ဖတ်ရသည်။ တခုမှာ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၏ ယခင်အစိုးရ သက်တမ်းအတွင်းက ငွေအလွဲသုံးစားလုပ်မှုကိစ္စကို လက်ရှိအစိုးရက ဥပဒေအရ တရားမစွဲဆိုခြင်းနှင့် ၉၀ ခုနှစ် ရွေးကောက်ခံအမတ်များက အန်အယ်လ်ဒီအစိုးရကို တရားစွဲမည်ဆိုသော သတင်းများ ဖြစ်ပါသည်။ မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရေနံ လက်ယက်တွင်းတိမ် လုပ်ငန်းရှင်များထံမှ ဝန်ဆောင်ခအဖြစ် ကောက်ခံထားသော ငွေကျပ် ၇ ဒသမ ၄၉၅ ဘီလီယံကို အစိုးရသစ် တက်လာသည့်အခါ လွှဲပြောင်းမပေးခဲ့သည့်အတွက် စုံစမ်းစစ်ဆေးရာမှ ပေါ်ထွက်လာသည့်အမှု ဖြစ်လေသည်။ အဆိုပါငွေများအနက် ကျပ် ၃ ဘီလီယံကျော်မှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အလှူငွေနှင့် ရွှေသုခ အသေးစားငွေချေးလုပ်ငန်း စသည့်အသင်းအဖွဲ့များထံ နည်းမျိုးစုံဖြင့် ရောက်ရှိနေသည်ဟု ဆိုလေသည်။ ကျန်သော ကျပ်ငွေ ၄ ဘီလီယံမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုထားသည်ဟု ဆိုထားပြီး မည်သည့်လုပ်ငန်းများတွင် သုံးထားကြောင်း သိရှိရန် ဆက်လက်ဆောင်ရွက်နေသည်။ ငွေကြေးများနှင့်အတူ ပျောက်ဆုံးနေသော မော်တော်ယာဉ်များကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ လှူဒါန်းခဲ့သည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီက အဆိုပါကိစ္စမှာ ၎င်းတို့ပါတီနှင့် သက်ဆိုင်ခြင်းမရှိဘဲ စွပ်စွဲပြောဆိုမှုများကို ဥပဒေကြောင်းအရ တုံ့ပြန်မည်ဟု သတင်းထုတ်ပြန်ခဲ့လေသည်။ ထို့နောက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရွှေသုခ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းမှတဆင့် မော်တော်ယာဉ် ၄ စီးနှင့် ဘက်ဟိုးယာဉ် ၁ စီးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဧပြီလ ၂၉ ရက်နေ့က ပြည်လည်ပေးအပ်ခဲ့ပြီး ရွှေသုခ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို လွှဲပြောင်းပေးခဲ့သည့် ကျပ်ငွေ ၁ ဒသမ ၅၇ ဘီလီယံကို ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ ပြန်လည်ပေးအပ်ပါမည်ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ အကြောင်းကြားထားသည်ဟု ဆိုပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အန်အယ်လ်ဒီအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က အမျိုးသားရင်ကြားစေ့ရေးမူဝါဒအရ တရားစွဲဆိုခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားထားလေသည်။ အဆိုပါကိစ္စကို Frontier သို့ ပြောကြားရာတွင် “ဒါတွေကို ကျနော်တို့ အချိန်မရွေး နောက်ကြောင်းပြန်လှန်လို့ရတယ်။ သို့သော် မလုပ်ချင်ဘူး။ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေးလို့” ဟု ဆိုပါသည်။ ဤနေရာတွင် ကြုံကြိုက်သဖြင့် နောက်ကြောင်းပြန် အာဏာသက်ရောက်မှု (Retrospectiv effect) နှင့်ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ရှင်းပြလိုပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ ၄၃ တွင် ပြဋ္ဌာန်းထားသည်မှာ… ၄၃။ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရ ….ဟူ၍ ဖြစ်သည်။ အဓိပ္ပာယ်မှာ လွှတ်တော်က ပြစ်မှုဆိုင်ရာ ဥပဒေတခုကို ပြဋ္ဌာန်းသည့်အခါတွင် နောက်ကြောင်းပြန် အာဏာသက်ရောက်စေသည့် ပုဒ်မများ ပြဋ္ဌာန်းခြင်းမပြုရဆိုသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ ပိုမိုရှင်းလင်းစေရန် ဥပမာပေးလိုပါသည်။ ဥပမာ… “အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား အရက်သေစာ ရောင်းချခြင်း မပြုရ။ ရောင်းချပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ၁ သိန်း ပေးဆောင်စေရမည်။ ယခု ပြဋ္ဌာန်းချက်သည် ဤဥပဒေကို မပြဋ္ဌာန်းမီ တနှစ်ကာလအတွင်းက ဖြစ်ပျက်ခဲ့မှုများလည်း အကျုံးဝင်သည်။” ဆိုသော ပြဋ္ဌာန်းချက်မျိုး မပြဋ္ဌာန်းရဆိုသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် လွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေများမှာ သမ္မတက လက်မှတ်ထိုးပြီးသည့်နေ့၊ သို့မဟုတ် သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာမည်ဖြစ်ကာ နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည် ဖြစ်လေသည်။ အဆိုပါဥပဒေတွင် သီးခြားဖော်ပြထားချက် မပါလျှင် ထုတ်ပြန်ကြေညာသည့် ရက်မှစ၍ အာဏာသက်ရောက်မည် ဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါဥပဒေအာဏာ မသက်ရောက်မီ နေ့ရက်များက ဖြစ်ပွားခဲ့သော ကိစ္စများမှာ တရားဥပဒေနှင့် ငြိစွန်းသည့်ကိစ္စများ မဟုတ်သဖြင့် အရေးယူ၍ မရပေ။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃ တွင် သုံးနှုန်းထားသော “နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ဆိုသည့် စည်းမျဉ်းမှာ ယေဘုယျအားဖြင့် ကမ္ဘာ့နိုင်ငံတချို့၏ ဥပဒေပြုမဏ္ဍိုင်များက လိုက်နာကျင့်သုံးနေကြသော အခြေခံမူတရပ် ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၉) အပိုဒ်ခွဲ ၃ နှင့် အခန်း(၁) ပုဒ်မ (၁၀) တို့တွင် နောက်ကြောင်းပြန် အာဏာသက်ရောက်သည့် ဥပဒေ ပြဋ္ဌာန်းခြင်းကို တားမြစ်ထားသည်။ သို့သော်လည်း ဝက်စ်မင်စတာ ပါလီမန်စနစ်ကို ကျင့်သုံးသော (ယူနိုက်တက်ကင်းဒမ်း) ဗြိတိန်နိုင်ငံ ပါလီမန်တွင်မူ နောက်ကြောင်းပြန် အာဏာသက်ရောက်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ပါလီမန်၏ လုပ်ပိုင်ခွင့်အခြေခံမူ (Doctrine of parliamentary supremacy) အရ ပါလီမန်အနေဖြင့် မိမိကြိုက်နှစ်သက်ရာဥပဒေကို ပြဋ္ဌာန်းခွင့်ရှိသောကြောင့် ဖြစ်သည်။ လူ့အခွင့်အရေးကို အလေးအနက်ထားသော (သို့မဟုတ်) ရေးသားပြဋ္ဌာန်းထားသော အခြေခံဥပဒေရှိသည့် နိုင်ငံများတွင် နောက်ကြောင်းပြန်အာဏာသက်ရောက်သည့် ဥပဒေပြဋ္ဌာန်းမှုကို တားမြစ်ထားလေ့ရှိသည်။ ၂၀၀၈ အခြေခံဥပဒေပါ “နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း” ဆိုသော စကားလုံးကို လူအတော်များများက ရောထွေး ပြောဆိုမှုများ ရှိသည်။ ပုဒ်မ ၄၄၅ ပါ ယခင် နဝတ၊ နအဖ အစိုးရခေါင်းဆောင်များအပေါ် တရားစွဲဆိုခွင့် မရှိစေရ ဆိုသည့် ပြဋ္ဌာန်းချက်နှင့် ရောထွေးပြောဆိုလျက်ရှိကြခြင်းကို တွေ့ရသည်။ ပုဒ်မ ၄၄၅ မှာ အခြေခံဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များတွင် ပါရှိပြီး အောက်ပါအတိုင်း ဆိုထားပါသည်။ ၄၄၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်နှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။ ဟု ဆိုထားသဖြင့် ယခင် နဝတ၊ နအဖ အစိုးရအဖွဲ့ဝင်များကို နောက်ကြောင်းပြန် တရားစွဲခွင့်မရှိဟု ရောထွေးနားလည်လိုက်ကြခြင်း ဖြစ်ပါသည်။ ပုဒ်မ ၄၄၅ က ဆိုလိုသည့် အဓိပ္ပာယ်အမှန်မှာ နဝတ၊ နအဖ အစိုးရအဖွဲ့ဝင်များအပေါ် တာဝန်အရ (အထက်၏ တာဝန်ပေးချက်အရ) ဆောင်ရွက်ခဲ့ချက်များနှင့်ပတ်သက်ပြီး ထိုစဉ်က တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့ခြင်း ဖြစ်စေကာမူ ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်ဟုသာဆိုခြင်း ဖြစ်သည်။ သို့သော် တာဝန်အရမဟုတ်ဘဲ ထိုစဉ်က တည်ဆဲဥပဒေတရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်လျှင် တရားမစွဲရ၊ အရေးမယူရဟု တားမြစ်ထားခြင်း မရှိချေ။ ဥပမာအားဖြင့် အကျင့်ပျက် လာဘ်စားမှု၊ အများပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု စသည်တို့မှာ ထိုစဉ်က တည်ရှိနေသော ဥပဒေ ပြဋ္ဌာန်းချက်များ ဖြစ်သည့်အပြင် တာဝန်ပေး စေခိုင်းခြင်းကြောင့် ကျူးလွန်ခဲ့ကြခြင်း မဟုတ်သောကြောင့် ပုဒ်မ ၄၄၅ နှင့် အကျုံးဝင်မည် မဟုတ်ချေ။ ထို့ပြင် ပုဒ်မ ၄၄၅ က ကင်းလွတ်ခွင့်ပြုထားသည်မှာ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦးအပေါ် ထိုစဉ်က တာဝန်အရ ဆောင်ရွက်ချက်များအပေါ် ကင်းလွတ်ခွင့်ပေးထားခြင်းသာ ဖြစ်ပြီး နောက်တက်လာသည့် အစိုးရအဖွဲ့ဝင်များကို ကင်းလွတ်ခွင့် ပေးထားခြင်း မဟုတ်ပါချေ။ နောက်တက်လာသည့် ဦးသိန်းစိန်အစိုးရအဖွဲ့လက်ထက်က အစိုးရ အဖွဲ့ဝင်ဟောင်းများ၏ ဥပဒေချိုးဖောက်မှုများကို ဖော်ထုတ် တွေ့ရှိလာခဲ့လျှင် ဥပဒေကြောင်းအရ တရားစွဲ၊ မစွဲ ဆိုသည်မှာ အန်အယ်လ်ဒီအစိုးရ၏ ပေါ်လစီနှင့်သာဆိုင်ပြီး အခြေခံဥပဒေနှင့် သက်ဆိုင်မှုမရှိချေ။ အခြေခံဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်မှာ နဝတ၊ နအဖအဖွဲ့နှင့် အဖွဲ့ဝင်ဟောင်းများ၏ ထိုစဉ်က တာဝန်အရ ဆောင်ရွက်ချက်များ သက်သက်အပေါ်တွင်သာ ဖြစ်ပေသည်။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေ အာဏာမတည်မီက တပ်မတော်အစိုးရက ချုပ်ဆိုထားသော ပဋိညာဉ်များနှင့်ပတ်သက်၍ ဖြစ်စေ၊ တာဝန်များနှင့်စပ်လျဉ်း၍ဖြစ်စေ လက်ရှိအစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးကို ပုဒ်မ ၄၅၇ တွင် ပေးထားပြန်သည်။ ၄၅၇။ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာ မတည်မီက ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးအရ၊ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်။ (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမည်ဖြင့် တရားစွဲဆိုနိုင်သည်။ ထို့နည်းတူပင် တရားစွဲဆိုခြင်းကို ခံနိုင်သည်။ ထိုသို့ ဆိုထားသည့်အတွက် အခြေခံဥပဒေ အာဏာမတည်မီက ယခင် အစိုးရအသီးသီး၊ အဆက်ဆက်တို့နှင့် ချုပ်ဆိုထားခဲ့သော ပဋိညာဉ်စာချုပ်စာတမ်းတို့နှင့် ပတ်သက်၍ဖြစ်စေ၊ တာဝန်များနှင့် ပတ်သက်၍ဖြစ်စေ လက်ရှိတည်ဆဲ ပြည်ထောင်စု အစိုးရကို တရားစွဲဆိုနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ၉၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂနဲ့ ကရင်အမျိုးသမီးအစည်းအရုံး စသည့် အဖွဲ့အစည်း ၅ ခုက စုပေါင်းပြီး အန်အယ်လ်ဒီအစိုးရကို တရားစွဲဆိုမည်ဟု မေလ ၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်လေသည်။ ၎င်းတို့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်မှာ ၂၀၀၈ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြုလုပ် အတည်ပြုခဲ့စဉ်က ထုတ်ပြန်ကြေညာခဲ့သော လူဦးရေ သန်းခေါင်စာရင်းနှင့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် တပြည်လုံး လူဦးရေစာရင်း ကိုက်ညီမှုမရှိသည့် အချက်အလက်များနှင့် တရားစွဲဆိုသွားမည် ဆိုပါသည်။ ရည်ရွယ်ချက်မှာ အန်အယ်လ်ဒီအစိုးရကို နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်စေရန် မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အန်အယ်လ်ဒီပါတီ၏ ရည်မှန်းချက်ကို တနည်းတလမ်းအားဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားသည့် အန်အယ်လ်ဒီအစိုးရအနေဖြင့် တပ်မတော်နှင့် ထိပ်တိုက်တွေ့လာမည့်အရေးကို လိုလားမည် မဟုတ်သည်မှာ သေချာသည်။ အကယ်၍ အဆိုပါတရားစွဲဆိုမှု တရားရုံးတော်သို့ ရောက်ရှိလာပါက အဆုံးအဖြတ် ပေးရမည်မှာ အန်အယ်လ်ဒီအစိုးရမဟုတ်ဘဲ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သီးခြား လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခွင့် ပေးထားပါသည်ဆိုသော) တရားစီရင်ရေးမဏ္ဍိုင်သာ ဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှု ရှိ၊ မရှိ ဆိုသည်နှင့် ဆုံးဖြတ်ချက်များ ကျိုးကြောင်းဆီလျော်မှု ရှိ၊ မရှိ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရန်သာ ရှိပါတော့သည်။ ရဲထွန်း (သီပေါ)
4 years Ago
Up