အန်အယ်လ်ဒီဗဟိုကော်မတီအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်သံ)

July 12, 2015

အဖွဲ့ချုပ် က မဟာမိတ်ပါတီများကို ညှိပြီး ရှောင်ပေးသင့် ရှောင်ပေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒနယ်မြေအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့တော့ ညှိနှိုင်းဆွေးနွေးပြီး ရှောင်ပေးသင့် ရှောင်ပေးသွားမယ်လို့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ယခင် စီအာပီပီ က တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ နားလည်မှုယူနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုခဲ့မှုအပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ညှိနှိုင်းဆွေးနွေးမှာပါ၊ ညှိနှိုင်းဆွေးနွေးပြီးလို့ ရှောင်ပေးသင့်ရင်လည်း ရှောင်ပေးမယ်၊ သူတို့ အင်အားကောင်းတယ်ဆိုလို့ရှိရင် ကျမတို့ ရှောင်ပေးမယ်၊ သူတို့ အင်အား မကောင်းဘူးဆိုလို့ရှိရင် ကျမတို့ ၀င်မှာပေါ့။” အဖွဲ့ချုပ်က မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဦးဟံသာမြင့်၊ ဦးဝင်းထိန်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ကို တာဝန်ပေးထားပြီး အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားမဟာမိတ်ပါတီတွေနဲ့ပဲ ညှိပြီး ရွေးကောက်ပွဲဝင်မယ်လို့ ထုတ်ပြောလိုက်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့တော့ မညှိတော့ဘဲ ပြိုင်မယ့်သဘော ရှိပါတယ်။ ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချူပ်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကတော့ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ၁၉၉၀ ကလောက် အနိုင်မရနိုင်ဘူးလို့ ပြောပါတယ်။ “တိုင်းရင်းသားဒေသတွေမှာတော့ ၉၀ ပြည့်နှစ်တုန်းကလောက် အောင်မြင်မှုရဖို့ သိပ်မလွယ်ဘူး၊ ပြည်မတွေမှာတော့ နိုင်မှာပါပဲ။ အန်အယ်ဒီကိုပဲ ရွေးကြမှာပါ။ သို့သော်လည်းပဲ လူမျိုးစုတွေရှိတဲ့ ပြည်နယ်တွေမှာတော့ ကျနော်ထင်တယ်၊ အန်အယ်လ်ဒီ သိပ် မနိုင် နိုင်ဘူး။” ပြည်သူ့လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) ကို ၁၉၉၀ ပြည့်​ ​ရွေး​ကောက်ပွဲနိုင်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အ မျိုးသားဒီမိုကရေစီအဖွဲ့၊ ချင်းဇိုမီးကွန်ဂရက် စတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
6 years Ago

July 11, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်ပြိုင်မည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ၀င်ရောက်ယှဉ်ပြိုင်မယ်လို့  ဒီနေ့ပြုလုပ်တဲ့ ဗဟိုကော်မတီစည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးမှ ရွေးကောက်ပွဲဝင် မ၀င် ကြေညာမယ်လို့ ပြောဆိုထားတဲ့အတိုင်း ကော်မရှင်ကြေညာအပြီး ၃ ရက်မြောက်နေ့မှာ ရွေးကောက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်၊ နှင်းဆီစံအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံမပြင်နိုင်ဘဲ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အပေါ် အခုလို ပြောဆိုခဲ့ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာ လွှတ်တော်တွင်း မအောင်မြင်ခဲ့တာကို ဘယ်လို သဘောထားမလဲ၊ ဒီလို မအောင်မြင်လျက်နဲ့ ရွေးကောက်ပွဲကို ၀င်မှာလားလို့ မေးတဲ့သူများလည်း ရှိပါလိမ့်မယ်။ ဒါလည်း မေးသင့်မေးထိုက်တဲ့ကိစ္စပါ။ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ကတည်းက ပြောပါတယ်။ အဲ့ဒီတုန်းက ၀င်ပြိုင်ခဲ့တဲ့ မဲဆနနယ် ၄၄ နေရာ ရှိတယ်။ ၄၄ နေရာစလုံး နိုင်လို့ရှိရင်တောင်မှ ကျမတို့ဟာ ပြည့်ပြည့်၀၀ပြည့်စုံနိုင်မှာ မဟုတ်ဘူး။ ဒါ ပထမဆုံးခြေလျမ်းတခုပဲ။” အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့အရေး စိတ်ဝင်တစား ရှိလာတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါ အရည်အချင်းရှိသူ၊ လူငယ်၊ အမျိုးသမီး နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်မယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့်ကိစ္စအပါအ၀င် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကိစ္စရပ်တို့နဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။
6 years Ago
More News
Up