အန်အယ်လ်ဒီတင်မည့် ၀န်ကြီးများ မတ် ၂၀ အပြီးသတ်ရွေးမည်

A d v e r t i s e m e n t With Us

March 27, 2016

အန်အယ်လ်ဒီတင်မည့် ၀န်ကြီးချုပ်များ မတ် ၂၈ ရက် သိရမည်

အန်အယ်လ်ဒီကတင်မယ့် ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်လာကြမယ်ဆိုတာ မနက်ဖြန် သိကြရတော့မှာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်၊ တနင်္လာနေ့မှာ ကျင်းပမယ့်  ပြည်နယ်တိုင်းအသီးသီးရဲ့ လွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီကတင်မယ့် ပြည်နယ်တိုင်းဝန်ကြီးချုပ်အမည်စာရင်းများ တင်သွင်းသွားမယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေအဖြစ် ပြည်နယ်တိုင်းကို ခေါင်းဆောင်နိုင်မယ့်သူတွေကို ရွေးချယ်ထားတယ်လို့ သူက ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်ပြီးတော့မှ အဲ့ဒီပုဂ္ဂိုလ်တွေဟာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး  လွှတ်တော်တွေထဲက ကိုယ်စားလှယ် ဖြစ်ရမယ်၊ အဲ့ဒီကိုယ်စားလှယ်တွေထဲမှာ တိုင်း သို့မဟုတ် ပြည်နယ်ကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူ ဖြစ်ရမယ်။” ပြည်နယ်တိုင်းဝန်ကြီးချုပ်များအဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ်တွေချည်းပဲ ရွေးချယ်ထား တယ်လို့လည်း ပြောပါတယ်။ ပြည်နယ်တိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမယ်လို့ သတင်းထွက်နေသူတွေကတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိ၊ ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်း  ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်း ဒေါက်တာဇော်မြင့်မောင်၊ ရခိုင် ဦးညီပု၊ ရန်ကုန် ဦးဖြိုးမင်းသိန်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စသူတို့ ဖြစ်ကြပါတယ်။ အန်အယ်လ်ဒီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေကိုလည်း ပြည်ထောင်စုအစိုးရဖွဲ့သလို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့မယ်လို့ မီဒီယာကို ထုတ်ပြောထားပါတယ်။ အန်အယ်လ်ဒီဦးဆောင်မယ့် ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေဟာ မတ် ၃၀ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့အတူ တပြိုင်နက် ကျမ်းကျိန်မှာဖြစ်လို့ မတ်လ ၂၈ ရက် ၀န်ကြီးချုပ်ရွေးပြီးရင် မတ်လ ၂၉ ရက်မှာ အစိုးရအဖွဲ့ ဖွဲ့ကြရမှာ ဖြစ်ပါတယ်။ ဧပြီ ၁ ရက်မှာတော့ အန်အယ်လ်ဒီပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေ အားလုံး လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။
5 years Ago

March 19, 2016

အန်အယ်လ်ဒီတင်မည့် ၀န်ကြီးများ မတ် ၂၀ အပြီးသတ်ရွေးမည်

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ မတ် ၂၀ ရက်နေ့ ပြုလုပ်မယ့် အန်အယ်လ်ဒီဗဟိုအလုပ် အမှုဆောင်စည်းဝေးပွဲမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို အပြီးသတ်ရွေးချယ်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။ သမ္မတအဖြစ် ရွေးချယ်ထားတဲ့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၂၁ ခု ပါဝင်ပြီး အဲ့ဒီဌာနတွေကို ၀န်ကြီး ၁၈ ဦးက စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်း ခန့်ထားမှာဖြစ်ပြီး ကျန် ၁၅ ဦးကို အန်အယ်လ်ဒီက ရွေးချယ်ခန့်ထားမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီလအစောပိုင်း မီဒီယာကို ပြောကြားချက်အရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၃၀ ရာခိုင်နှုန်းပဲ ပါဝင်မယ်လို့ သိရပြီး အခု နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၆ ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။ ပါတီနဲ့ နီးစပ်သူတွေအဆိုအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့တဲ့ လက်ပံတောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အတွင်းရေးမှူး လုပ်ခဲ့သူ သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ လုပ်ခဲ့ဖူးသူ ဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာ ဖေမြင့်၊ သမ္မတရုံး ၀န်ကြီးအဖြစ် ဒေါက်တာမျိုးအောင်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် မုံရွာအန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးသန့်ဇင်မောင်တို့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့ ပြင်ပ ပညာရှင် အများစု ပါဝင်မှာဖြစ်ပြီး ၀န်ကြီးအမည် စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ လာမယ့် မတ်လ ၂၂ ရက် တင်သွင်းမှာ ဖြစ်ပါတယ်။
5 years Ago
Up