အန်န၀ါအီဗရာဟင်မ်

May 21, 2018

အန်န၀ါအီဗရာဟင်မ် အင်ဒိုနီးရှားကို သွားရောက်လည်ပတ်

မလေးရှား နိုင်ငံရေးသမား အန်နဝါ အီဗရာဟင်မ်ဟာ ထောင်ကလွတ်ပြီး ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်လည်ပတ်ပါတယ်။ ထောင်ကလွတ်လာတဲ့ မလေးရှား နိုင်ငံရေးသမား အန်နဝါအီဗရာဟင်မ်ဟာ အင်ဒိုနီးရှား သမ္မတဟောင်း ဘီဂျေ ဟာဘီးဘီနဲ့ မေလ ၂၀ ရက်နေ့က တွေ့ဆုံပါတယ်။ မလေးရှား နိုင်ငံရေးမြင်ကွင်းထဲမှာ အပြောင်းအလဲ မြင်တယ်လို့လည်း အန်နဝါက ဟာဘီးဘီရဲ့ အိမ်အပြင်မှာ မီဒီယာတွေကို ပြောပါတယ်။ “အလုံးစုံ ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲအပြီး တပတ်အကြာမှာ မဟာသီယာ ဟာ စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်နည်းနည်း၊ အရပ်ဘက် ဝန်ဆောင်မှုတွေ တရားစီရင်ရေးနဲ့ ဥပဒေ အာဏာ တည်ရေး အကြီးအကဲတွေကို နေရာချပြီးပြီ။ ကောင်းမွန် တာဝန်ခံနိုင်တဲ့ အစိုးရဖြစ်ဖို့ သူတို့ကို နေရာအရွှေ့အပြောင်းလုပ်ဖို့ လိုတယ်။ အာဏာအလွဲသုံးစားလုပ်မှု ဒါမှမဟုတ် လာဘ်စားမှုစတဲ့ အတိတ်က ပုံရိပ်တွေလိုမျိုး အဂတိလိုက်စားမှာ မဟုတ်တဲ့ လူတွေရဖို့ လိုတယ်။ ဒါဟာ အစကောင်းလို့ ကျနော် ထင်တယ်” လို့ အန်နဝါက ပြောပါတယ်။ အင်ဒိုနီးရှား သမ္မတဟောင်းကလည်း “ကျနော်တို့ဟာ တိုင်းရင်းသား အုပ်စုတစုကို တိုက်နေတာ မဟုတ်သလို ဘာသာရေး အုပ်စုတစုကို တိုက်နေတာလဲ မဟုတ်ဘူး။ အင်ဒိုနီးရှား လူ့အဖွဲ့အစည်းအတွက် တိုက်နေတာ။ အင်ဒိုနီးရှားနိုင်ငံရေး အတွေးအခေါ်၊ လူမှု တရားစီရင်ရေးနဲ့ အရာအားလုံးပေါ့ အားလုံးဟာ ဟန်ချက်ညီနေဖို့ လိုတယ်” လို့ ပြောပါတယ်။ အန်နဝါရဲ့ ခရီးစဉ်ဟာ အင်ဒိုနီးရှားမြို့တော်မှာ ၁၉၉၈ နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှု နှစ်၂၀ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတာပါ။ အာရှဘဏ္ဍာရေး အကြပ်အတည်း အတွင်း အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုကို ဖြုတ်ချဖို့ ကြိုးစားတဲ့ နိုင်ငံရေး မတည်ငြိမ်မှု အတွင်း လူရမ်းကား တွေရဲ့ တိုက်ခိုက်မှု မီးရှို့မှုတွေ ကြောင့် ဂျကာတာမြို့တော်မှာ လူအယောက် ၁၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ အန်နဝါရဲ့ ခရီးစဉ်ဟာ မေ ၂၁ မှာ ပြီးဆုံးဖို့ မျှော်လင့်ထားပါတယ်။
4 years Ago
Up