အန်နီမေးရှင်းရုပ်ရှင်

June 5, 2019

ချစ်စဖွယ် တိရစ္ဆာန် ကာတွန်းဇာတ်ကောင် အန်နီမေးရှင်းရုပ်ရှင် - The Secret Life of Pets 2 (နမူနာ)

ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန် ကာတွန်းဇာတ်ကောင်လေးတွေနဲ့ 3D Animation ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Secret Life of Pets 2 ရုပ်ရှင်ကို လာမယ့် ဇွန်လ ၇ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် Illustrator ဒါရိုက်တာ Chris Renaud က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ The Secret Life of Pets ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီကားမှာလည်း အရင်ကားမှာလိုပဲ သခင်တွေမရှိတဲ့အချိန် ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ Pets တွေအကြောင်းကို ရှုစားကြရဦးမှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်လိုက် ခွေးကလေး Max ဟာ သခင်ဖြစ်တဲ့ Katie အိမ်ထောင်ကျသွားခဲ့ပြီး Liam ဆိုတဲ့ ကလေးလေး မွေးလာခဲ့ချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့တာကို ကြုံတွေ့ရပါတော့တယ်။ ကလေးကို သူတို့ထက် ပိုအရေးပေးလာတာကလည်း အဓိကအချက်တချက် ဖြစ်သလို Countryside တခုဆီ မိသားစု ခရီးထွက်ချိန်မှာ လယ်တောအိမ်ခွေးကြီး Rooster နဲ့ ဆုံမိကြပြီး ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို စွန့်စားခန်းတွေ၊ ချစ်စရာကောင်းတဲ့ ဟာသဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာ ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး အရင်ကားထဲမှာ Max နေရာက ပါဝင်ထားတဲ့ အမေရိကန် ဟာသ သရုပ်ဆောင်မင်းသား Louis C.K ကတော့ မပါတော့ဘဲ သူ့နေရာမှာ Patton Oswalt က ပါဝင်လာခဲ့တာပါ။ တခြားဇာတ်ကောင်တွေဖြစ်တဲ့ Duke၊ Snowball၊ Gidget၊ Daisy၊ Chloe စတဲ့ ဇာတ်ကောင်တွေ နေရာမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Eric Stonestreet၊ Kevin Hart၊ Jenny Slate၊ Tiffany Haddish နဲ့ Lake Bell စတဲ့ သရုပ်ဆောင်တွေကလည်း အသံနဲ့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ကြာမြင့်ချိန် ၈၆ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 6.4 အထိ ရထားတဲ့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၃ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
2 years Ago

March 20, 2019

နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၀ သန်းကျော်သွားသည့် Toy Story 4 ရုပ်ရှင် (နမူနာ)

နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ ဝေါ့ဒစ္စနေးကနေ ထပ်မံထွက်ရှိလာတဲ့ Toy Story 4 ရုပ်ရှင် Trailer ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော် ရှိနေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အရုပ်ကလေးတွေနဲ့ သရီးဒီကွန်ပျူတာ အန်နီမေးရှင်း ရုပ်ရှင်ကားတကား အနေနဲ့ ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Josh Cooley က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Toy Story ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေအဖြစ် ထုတ်လုပ်လိုက်တဲ့ Toy Story 2 (၁၉၉၉)၊ Toy Story 3 (၂၀၁၀) ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ Toy Story 3 ရုပ်ရှင်ကနေ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်တွေ ဖြစ်ကြတဲ့ ပိုင်ရှင်သစ်နဲ့ ပျော်ရွှင်စွာ နေနေပြီဖြစ်တဲ့ Woody၊ Buzz တို့နဲ့အတူ သူတို့သူငယ်ချင်း အရုပ်လေးတွေရဲ့ ဘဝအသစ်အကြောင်းကို ရှုစားကြရမှာပါ။ သူတို့ရဲ့ပိုင်ရှင်သစ် Bonnie ဟာ ပလတ်စတစ် ခက်ရင်းကို အရုပ်အဖြစ်ကစားပြီး Forky လို့ နာမည်ပေးထားတယ်။ သူတို့နဲ့ သူငယ်ချင်းအသစ် Forky တို့ဟာ ခရီးသွားတဲ့ လမ်းတလျှောက် ကြုံတွေ့ကြရတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားပါတယ်။ ဒီကားထဲမှာ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tom Hanks၊ Tim Allen၊ Keanu Reeves တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန် ကာလတွေကတည်းက ကလေးတွေရဲ့ စိတ်ကြိုက်ဇာတ်ကောင်တွေနဲ့ Toy Story 4 ရုပ်ရှင်ကားဟာ ဒီတခါမှာလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦးမလား ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၁ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
2 years Ago
More News
Up