ဗီယက်နမ်အသင်းကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ပြီး ပရိသတ်အားလုံး အပြုံးကိုယ်စီနဲ့ အိမ်ပြန်ရမယ်လို့ ယုံကြည်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားလိုက်ပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအေ ပွဲစဉ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ နိုဝင်ဘာ ၂၀ ရက်နေ့ ရန်ကုန် သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြက အခုလိုပြောလိုက်တာလို့ ဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ်မှာ ဖော်ပြထားပါတယ်။
“အသင်းက လက်ရှိအချိန်မှာ တိုးတက်နေဆဲပဲ ရှိနေပါသေးတယ်။ တပွဲချင်းစီ သင်ခန်းစာယူပြီး ပြင်ဆင်နေပါတယ်။ ဗီယက်နမ်အသင်း ကစားခဲ့တဲ့ပွဲကိုလည်း ပြန်ကြည့်ထားသလို မနက်ဖြန်ကစားမယ့်ပွဲအတွက် သေချာအာရုံစိုက် ပြင်ဆင်ထားပါတယ်။ ဗီယက်နမ်အသင်းက စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းပါ။ မလေးရှားအသင်းကိုလည်း ၃၀ ရာခိုင်နှုန်းလောက် အသာစီးရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။ ကျနော်တို့အတွက် မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်သလို ပရိသတ်တွေအားလုံး အပြုံးကိုယ်စီနဲ့ အိမ်ပြန်ရမယ်လို့ ယုံကြည်ပါတယ်။”
ဗီယက်နမ်အသင်းနည်းပြချုပ် Park Hang Seo က “ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့ ဗီယက်နမ်အသင်းက အနည်းငယ် အသာရထားပါတယ်။ မြန်မာနဲ့ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အနည်းဆုံး ၁ မှတ်ရဖို့ ရည်မှန်းထားပါတယ်။ မြန်မာအသင်းက အဖွင့်ဂိုးတွေ ပေးရပေမယ့် နောက်ပိုင်းမှာ အာရုံစိုက်မှု ကောင်းကောင်းနဲ့ ပြန်လာနိုင်ခဲ့တဲ့အသင်းဖြစ်လို့ သတိထားရင်ဆိုင်သွားမှာပါ” လို့ ပြောပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်း ပွဲစဉ်တွေမှာတော့ ကမ္ဘောဒီးယားအသင်းကို ၄-၁ ဂိုး၊ လာအိုကို ၃-၁ ဂိုး၊ ဗီယက်နမ်အသင်းကတော့ မလေးရှားကို ၂-၀ ဂိုး၊ လာအိုကို ၃-၀ ဂိုးနဲ့ အသီးသီး အနိုင်ရရှိထားပါတယ်။
အုပ်စုအေမှာ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှားအသင်းတို့ ရမှတ် ၆ မှတ်စီ ရှိထားပြီး မြန်မာက ဂိုးကွာခြားချက်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ မလေးရှားအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန် အိမ်ကွင်းမှာ ဗီယက်နမ်အသင်းကို အနိုင်ကစားထားမှ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ သေချာမှာလည်း ဖြစ်ပါတယ်။
4 years Ago