အန္တရာယ်ကင်းလွတ်ရန်

September 30, 2020

ဘားအံမြို့တွင် ကိုဗစ်နိုင်တင်း ရောဂါဆိုး အန္တရာယ်ကင်းလွတ်ရန် ပရိတ်ရွတ်ဖတ်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအပါအဝင် ဘေးဥပဒ် အန္တရာယ်အသွယ်သွယ်မှ ကင်းလွတ်စေဖို့ မြို့တွင်းလှည့်လည် ပရိတ်ရွတ်ဖတ်ပွဲကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လျှောက်ထားပန်ကြားချက်အရ ကမ္ဘာကပ်ရောဂါဆိုး အန္တရာယ်က ကင်းလွတ်စေဖို့ ရည်ရွယ်ပြီး ပြည်နယ်သံဃနာယက ဆရာတော်ကြီးဦးဆောင်ကာ ဆရာတော်ကြီး ၉ ပါးက မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက “ကပ်ရောဂါတွေဝေးကွာဖို့ ပရိတ်တွေရွတ်လိုက်မယ်ဆိုတဲ့ အနေအထားလောက်ပါပဲ။ ပရိတ်ရွတ်လိုက်ရင်ပျောက်ရမယ် အဲဒီလို တစ်ဖက်သတ် တဇောက်ကန်းပြောတာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။ မြို့အတွင်း အန္တရာယ်ကင်းအောင်နဲ့ ရောဂါဆိုးတွေကိုကျရောက်စေတဲ့ မကောင်းဆိုးဝါးတွေရှိ ခဲ့ရင် ဗုဒ္ဓရဲ့အမိန့်တော်နဲ့ မြို့သူမြို့သားတွေအားလုံးလည်း စိတ်ချမ်းသာကိုယ်ချမ်းသာ စိတ်ကျန်းမာကိုယ်ကျန်းမာဖြစ်ရအောင်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ အသေးစိတ်တိုင်ပင်ပြီး အခုလို ပရိတ်ရွတ်တာလို့ တာဝန်ရှိသူက ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေရှိသူတွေဟာ ပြည်ပကနေပြန်လာသူတွေနဲ့ ရောဂါပိုးတွေ့ပြည်နယ်နဲ့ တိုင်းတွေကနေပြန်လာတဲ့သူတွေဖြစ်ပြီး ကရင်ပြည်နယ်အတွင်း အချင်းချင်း ရောဂါကူးစက်ခံရတာတော့ မရှိသေးပါဘူး။ သတင်း-ရဲမင်းခေါင်
8 months Ago
Up