အန်ဂျီအို

July 13, 2015

အတိုက်အခံ ကန့်ကွက်သည့်ဥပဒေ တဖက်သတ် အတည်ပြု၍ ကမ္ဘောဒီးယားတွင် ဆန္ဒပြ

ကမ္ဘောဒီးယားအစိုးရကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေကို နှိပ်ကွပ်ဖို့ ရည်ရွယ်တဲ့ ဥပဒေဆိုပြီး ဆန့်ကျင်ကန့်ကွက်ခံနေရတဲ့ ဥပဒေကြမ်းကို ဇူလိုင် ၁၃ ရက် တနင်္လာနေ့က အောက်လွှတ်တော်မှာ တဖက်သတ် အတည်ပြုလိုက်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အတိုက်အခံတွေက ကန့်ကွက်နေတဲ့ကြားက အာဏာရပါတီ အမတ်တွေက တဖက်သတ် ထောက်ခံအတည်ပြုလိုက်လို့ လွှတ်တော်တွင်းမှာရော၊ ပြင်ပမှာပါ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ တနင်္လာနေ့က ဥပဒေကြမ်းကို အတည်ပြုလိုက်အပြီး ပြည်သူ ၃၀၀ လောက် ဒီဥပဒေ အတည်ပြုခဲ့မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းကို ကန့်ကွက်နေကြတဲ့ အတိုက်အခံ လွှတ်တော်အမတ် ၅၅ ဦးကတော့ ဥပဒေကြမ်း ဆွေးနွေးခဲ့တဲ့ တနင်္လာနေ့လွှတ်တော်ကို မတက်ရောက်ခဲ့ကြပါဘူး။ အာဏာရပါတီ လွှတ်တော်အမတ် ၆၈ ယောက်က တဖတ်သက် ထောက်ခံအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းကို တရားဝင်ပြဋ္ဌာန်းဖို့ အထက်လွှတ်တော်မှာ ဆွေးနွေး အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ သမဂ္ဂတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ဖိနှိပ်ဖို့ အခွင့်အာဏာပိုပေးတဲ့ ဥပဒေဖြစ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတွေက အပြင်းအထန် ပြစ်တင်ဝေဖန်နေတဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ အီးယူကတော့ ဒီဥပဒေသာ အတည်ပြုဖြစ်ခဲ့ရင် နှစ်စဉ် နိုင်ငံဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် နစ်နာနိုင်တယ်လို့ သတိပေးထားပါတယ်။ ၀န်ကြီးချုပ် ဟွန်ဆင်က ဒီ အန်ဂျီအိုတွေဟာ အတိုက်အခံပါတီကို ထောက်ခံအားပေးနေတယ်လို့ စွပ်စွဲပါတယ်။ “ကောင်းမွန်တဲ့ဥပဒေ ဆိုရင်တော့ ထောက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ဥပဒေ၊ ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းမှာ အားနည်းစေမယ့် ဥပဒေမျိုးဆိုရင် ကျနော်တို့က ဆန့်ကျင်ရမှာပါ။” လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေးအဖွဲ့ Licadho အဖွဲ့ဝင် Hok Socheat က ပြောပါတယ်။ ဒီဥပဒေကြောင့် နိုင်ငံထဲက နိုင်ငံတကာနဲ့ ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၅၀၀၀ ရဲ့ လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးတို့ကရော ဒီဥပဒေဟာ လွတ်လပ်မှုကို ပိတ်ပင်တဲ့ဥပဒေ၊ ခြိမ်းခြောက် အကျပ်ကိုင်မယ့် ဥပဒေဆိုပြီး ရှုတ်ချထားကြပါတယ်။
6 years Ago
Up