အနံ့ခံခွေး

October 31, 2018

ခွေးများက ငှက်ဖျားပိုးအနံ့ခံ ဖော်ထုတ်နိုင်ပြီ

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ခွေးတွေကို လေ့ကျင့်သင်ကြားပြီး ငှက်ဖျားပိုး အနံ့ခံ ဖော်ထုတ်နိုင်တာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ကနဦး အဆင့် စမ်းသပ်ချက်တွေကို ဗြိတိန် ကုသိုလ်ဖြစ် ဆေးဘက်ဆိုင်ရာရှာဖွေရေး ခွေးများစင်တာမှာ  အောက်တိုဘာလ ၂၂ ရက်နေ့က လုပ်ခဲ့ပါတယ်။ အဆိုပါလေ့လာချက်ကို အောက်တိုဘာ ၂၉ ရက်နေ့ကလည်း အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့ရှိ အမေရိကန် အပူပိုင်းဆေးပညာနဲ့ ရောဂါကင်းစင်ရေး အဖွဲ့အစည်း နှစ်ပတ်လည်အစည်းဝေးမှာ ပြုလုပ်ခဲ့ပါတယ်။ “ဂမ်ဘီယာနိုင်ငံက ကလေးတွေ ၀တ်ဆင်ခဲ့တဲ့ ခြေအိတ်တွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။ ကျမတို့ တွေ့ရှိရတာက ခွေးတွေဟာ ဘယ်ဟာကတော့ ငှက်ဖျားပိုး ကူးစက်ခံရတဲ့ ကလေးတွေရဲ့ ခြေအိတ်လဲ၊ ဘယ်ဟာကတော့ ပိုးမရှိတဲ့ ကလေးတွေရဲ့ ခြေအိတ်လဲဆိုတာ ခွဲခြားနိုင်စွမ်းရှိပါတယ်။” လို့ ဆေးဘက်ဆိုင်ရာရှာဖွေရေး ခွေးများစင်တာ  စီအီးအို ဒေါက်တာ ကလယ်ရာ ဂတ်စ်က ဆိုပါတယ်။ “ဒီခွေးတွေဟာ အလွယ်တကူနဲ့ အလျင်အမြန် အနံ့ခံနိုင်တာကြောင့် ငှက်ဖျားပိုး သယ်ဆောင်တဲ့လူတွေဆိုရင် သူတို့ဟာ အနံ့ခံပြီး အချက်ပြနိုင်ပါတယ်။ အဲဒါက လူအုပ်ထဲက ငှက်ဖျားပိုးရှိသူကိုလည်း ရွေးထုတ်ဖို့ ဖြစ်နိုင်မှာပါ” လို့လည်း ဒါဟာ တက္ကသိုလ်မှ ပါမောက္ခ စတိဗ် လင်ဆေက ပြောခဲ့ပါတယ်။ ဒီငှက်ဖျားပိုးကနေ ထွက်လာတဲ့ အနံ့ဆိုးဟာ ကြွက်တွေကို ဆွဲဆောင်ပြီး အဲဒီနောက်မှာတော့ ကြွက်တွေကတဆင့်  ရောဂါပျံ့နှံ့သွားတယ်လို့ သုတေသီတွေက ယုံကြည်ပါတယ်။ ထူးဆန်းစွာပဲ အဲဒီအနံ့ဟာ ခွေးတွေ အနံ့ခံလိုတဲ့ အနံ့ဖြစ်တယ်လို့လည်း သိရပါတယ်။
3 years Ago

July 28, 2018

အနံ့ခံစွမ်းရည်ကြောင့် မူးယစ်ဂိုဏ်းက ဒေါ်လာ ၇ဝဝဝဝ ဆုကြေးထုတ်ခံရသည့် ခွေး

ကိုလံဘီယာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ ရက်စက်အကြမ်းကြုတ်ဆုံး မူးယစ်ဆေးဝါး ဂိုဏ်းတခုက ဆွန်ဘရာလို့ခေါ်တဲ့ ဂျာမာန်မျိုးရင်း အနံ့ခံခွေးတစ်ကောင်ကို ဒေါ်လာ ၇ဝဝဝဝ ဆုကြေးငွေ ထုတ်ပြန်လိုက်တယ်လို့ Inside Edition သတင်းဌာနမှာ ဖော်ပြပါတယ်။ ဆွန်ဘရာရဲ့ တမူထူးခြားတဲ့ အနံ့ခံစွမ်းရည်ကြောင့် သူတို့ဂိုဏ်း တော်တော်လေး အထိနာပြီးတဲ့နောက်မှာ ဒီလိုဆုကြေးထုတ်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်။ ဆွန်ဘရာဆိုတဲ့ စကားလုံးဟာ စပိန်စကားနဲ့ အရိပ်လို့အဓိပ္ပာယ်ရပြီး ဆွန်ဘရာဆိုတဲ့ အနံ့ခံခွေးလေးက တော့ယူရာဘီနို့စ်မူးယစ်အဖွဲ့ရဲ့ ကိုကင်း ၁ဝ တန်လောက်ကို ဖမ်းဆီးနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယူရာဘီနို့စ်အဖွဲ့က ဆွန်ဘရာကို ဆုကြေးငွေ ထုတ်လိုက်တာကြောင့် ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က သူမကို ကာကွယ်ပေးဖို့ ယခင်က ကမ်းရိုးတန်းကင်းလှည့် တပ်ဖွဲ့နေရာကနေ အခုချိန်မှာ ဘိုဂိုဒါမြို့တွင်းကို ရွှေ့ပြောင်းတာဝန်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုချိန်မှာ ဆွန်ဘရာဟာ ကိုလံဘီယာမြို့တော်လေဆိပ်မှာ တာဝန် ထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဆွန်ဘရာဟာ ခွေးလေးတကောင်ပင်ဖြစ်ပေမယ့်လည်း မူးယစ်ဆေးဝါးမှုအတွက် သံသယရှိသူ ၂၄၅ ဦး အဖမ်းခံရမှုမှာ ပါဝင်ပတ်သက်နေသူဖြစ်ပြီး ကိုလံဘီယာနိုင်ငံရဲ့ သူရဲကောင်းတဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွန်ဘရာရဲ့လည်ပင်းကို ရင်းရင်းနှီးနှီးသိုင်းဖက်ကာ ဓာတ်ပုံရိုက်ခံနေတဲ့ သူတွေကိုလည်း မကြာခဏ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆွန်ဘရာဟာ တာဘိုဆိပ်ကမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက သင်္ဘောပေါ်မှာ ကားပစ္စည်းတွေနဲ့အတူ တင်ဆောင်လာတဲ့ ကိုကင်းလေးတန်ကို ဖမ်းဆီးနိုင်ခဲ့ပြီး စက်တွေထဲမှာ ဖွက်ယူလာတဲ့ ကိုကင်းတွေကို ဖမ်းမိအောင်လည်း ကူညီနိုင်ခဲ့ပါသေးတယ်။ မကြာခဏ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်လာရမှုကြောင့် ထိတ်လန့်လာတဲ့ ယူရာဘီနို့စ်အဖွဲ့ဟာ ရဲတယောက်အား သတ်နိုင်သူတိုင်းကို ဒေါ်လာ ၅ဝဝ ပေးမယ်လို့ ဆုကြေးငွေ ထုတ်ပြန်ထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဆွန်ဘရာကို ဒေါ်လာ ၇ဝဝဝဝ ထုတ်ပြန်ထားတာကြောင့် ဆွန်ဘရာနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ နာကျည်းချက်ကို မြင်တွေ့နိုင်မှာ ဖြစ်တယ်လို့လည်း ကိုလံဘီယာရဲတပ်ဖွဲ့က ပြောပါတယ်။
3 years Ago
More News
Up