အနံ့ပျောက်သူများ

December 5, 2020

စဉ့်ကိုင်တွင် အနံ့ပျောက်သူများလာ၍ စင်တာဖွင့်၊ ကွာရန်တင်းစင်တာက အမျိုးသမီး ၁ ဦး ကြိုးဆွဲ ချသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် စဉ့်ကိုင်အထွေထွေဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ ထားစရာမရှိတော့တဲ့အတွက် ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး စဉ့်ကိုင်အထက (၁) ကျောင်းကို အနံ့ပျောက်စင်တာအဖြစ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။  အထွေထွေဆေးရုံကြီးမှာ အရင်က အပေါ်ထပ်တခုလုံး ပိုးတွေ့အတည်ပြုလူနာတွေထားရှိပြီး အောက်ထပ်မှာ အနံ့ပျောက်လူနာတွေ ထားရှိခဲ့တာပါ။ လက်ရှိမှာ အတည်ပြုလူနာတွေ ၅၀ ကျော်သွားတာကြောင့် အနံ့ပျောက်လူနာ ၃ ဦးကို အနံ့ပျောက်စင်တာမှာ ထားရှိထားတယ်လို့ ဆေးရုံအုပ်ကြီး ဦးအေးလွင်ဆီက ပြောပါတယ်။  ပိုးတွေ့လူနာတွေ များလာရင်တော့ ရောဂါလက္ခဏာပြင်းထန်မှုမရှိတဲ့ positive လူနာတွေကိုပါ အဲ့ဒီ့ အနံ့ပျောက်စင်တာမှာ သီးသန့်အခန်းတွေနဲ့ ထားရှိသွားမယ်လို့ ဆိုပါတယ်။  မန္တလေးခရိုင်အတွင်း ကိုဗစ်ကူးစက်မှု ဆိုးဆိုးရွားရွား ပြင်းထန်လာတာကြောင့် စဉ့်ကိုင်မြို့နယ်အတွင်းက ပလိပ်၊ ဗျည်းလော(ဗညားလော)၊ ဆီဆုံ၊ တောမ နဲ့ ညောင်ပင်ကြီးကျေးရွာတွေကို ဒီဇင်ဘာ ၆ ရက်နေ့ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ၁၄ ရက်ကြာ stay home သတ်မှတ်လိုက်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ဒါ့အပြင် ဒီဇင်ဘာ ၄ ရက်နေ့မနက်ပိုင်းက စဉ့်ကိုင်မြို့နယ် တဘက်ဆွဲ ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ သိရပါတယ်။  ဆရာဝန်ကြီးပြောစကားအရ အဲဒီအမျိုးသမီးဟာ အရင်ကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားခဲ့ပြီး သေဆုံးသူကို စစ်ဆေးရာမှာတော့ negative ဖြစ်နေတယ်လို့ သိရပါတယ်။ စဥ့်ကိုင်မြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့အထိ ပိုးတွေ့လူနာ ၉၂ ဦးရှိပြီး ဆေးရုံဆင်းသွားသူ အယောက် ၄၀၊ ဆေးရုံမှာလက်ရှိကုသနေသူ ၅၂ ဦးရှိပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ စဥ့်ကိုင်မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။ နွေလှိုင်း(YU)
4 months Ago
Up